◾️ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအရ မွေးဖွားနှုန်းကျဆင်းခြင်း၊ ရွှေ့ပြောင်းသွားလာမှုနှင့် မိသားစုပုံစံများ ပြောင်းလဲမှုတို့ကြောင့် ပထမဆုံးအကြိမ် လူဦးရေ အနည်ငယ်လျော့ကျလာသည်ကို တွေ့ရ
◾️ တစ်ချိန်က မွေးဖွားနှုန်းမြင့်မားခဲ့မှုကြောင့် အလုပ်လုပ်နိုင်သည့် လူငယ်လူရွယ်ဦးရေ များနေဆဲဖြစ်ပြီး ယင်းကာလမကုန်ဆုံးမီ လူငယ်များ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အကျိုးရှိရှိ ဆောင်ရွက်နိုင်ရန် စီမံပေးရန်အရေးကြီးကြောင်းပါ မှာကြား
၂၇. ၁၀. ၂၀၂၅
Written by Nyein Kyaw
နိုင်ငံတော်၏ လက်ရှိအခြေအနေနှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး တိကျမှန်ကန်သည့် စာရင်းအင်းအချက်အလက်များရရှိရန် အခက်အခဲနှင့် စိန်ခေါ်မှုများကြားမှပင် နိုင်ငံတကာလုပ်ထုံးလုပ်ငန်းနည်းများနှင့်အညီ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူနိုင်ခဲ့ကြောင်း နိုင်ငံတော်ယာသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ကျင်းပသည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ပြည်ထောင်စု အစီရင်ခံစာ ထုတ်ပြန်ခြင်းအခမ်းအနားတွင် ပြောကြားသည်။
သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းသည် အလွန်ကျယ်ပြန့်ပြီး လုပ်ငန်းပမာဏ ကြီးမားရုံသာမက ငွေကြေးကုန်ကျမှုလည်း များလွန်းသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ သို့သော်လည်း နိုင်ငံတော်၏ လက်ရှိအခြေအနေနှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိကျမှန်ကန်သည့် လူဦးရေဆိုင်ရာ စာရင်းအင်းအချက်အလက်များရရှိရန် အရေးကြီးပြီး ကုလသမဂ္ဂ၏ အကြံပြုချက်အရ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ သန်းခေါင်စာရင်းကို (၁၀)နှစ် တစ်ကြိမ် ကောက်ယူရန် လိုအပ်ကြောင်း၊ ထို့ကြောင့် အခက်အခဲများ၊ စိန်ခေါ်မှုများကြားထဲကပင် သန်းခေါင်စာရင်းကို မဖြစ်မနေကောက်ယူရန် တွန်းအားပေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။

၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအချက်အလက်များအရ မိမိတို့နိုင်ငံ၏ လူဦးရေသည် ဆယ်စုနှစ်များအတွင်း ပထမဆုံးအကြိမ်အဖြစ် အနည်းငယ်လျော့ကျလာသည်ကို တွေ့ရှိရကြောင်း၊ ယင်းသည် မွေးဖွားနှုန်းကျဆင်းခြင်း၊ ရွှေ့ပြောင်းသွားလာမှု မြင့်မားလာခြင်းနှင့် မိသားစုပုံစံများ ပြောင်းလဲလာခြင်းတို့ကြောင့် စိန်ခေါ်မှုတစ်ခုဖြစ်သလို အခွင့်အလမ်း တစ်ခုဟုလည်း မှတ်ယူနိုင်ကြောင်း ယာယီသမ္မတက ပြောကြားသည်။
ပြည်ပရွှေ့ပြောင်းခြင်းကလည်း မိမိတို့နိုင်ငံ၏ လူမှုစီးပွားရေးအခြေအနေ၊ နိုင်ငံရေးတည်ငြိမ်မှု၊ ပြည်တွင်းတွင်ရှိသည့် အလုပ်အကိုင် အခွင့်အလမ်းများနှင့် အိမ်နီးချင်းနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးမှုတို့အပေါ် တည်မှီနေခြင်းကြောင့် မိမိတို့နိုင်ငံအတွက် ရေရှည်ဖွံ့ဖြိုးမှုကို ဦးတည်ထိန်းညှိနိုင်မည့် စီမံချက်များချမှတ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။

မိမိတို့နိုင်ငံ၏ လူငယ်များကြားတွင် ပြည်ပရွှေ့ပြောင်းသွားလာမှုများ မြင့်မားနေသော်လည်း တစ်ချိန်က မွေးနှုန်းမြင့်မားခဲ့သည့် အကျိုးဆက်ကြောင့် အလုပ်လုပ်နိုင်သည် လူငယ်လူရွယ် ဦးရေသည်လည်း ယခုတွင် များပြားနေဆဲဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် Demographic Bonus ဟုခေါ်သည့် လူဦးရေ ဆုလာဘ်ရရှိနေဆဲကာလဖြစ်ကြောင်း၊ ထို့ကြောင့် လူဦးရေ ဆုလာဘ်ရရှိနိုင်သည့် အချိန်ကာလမကုန်ဆုံးမီ ၎င်းလူငယ် လူရွယ်များကို နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင် မှန်ကန်ထိရောက်စွာ အကျိုးရှိရှိ ဆောင်ရွက်နိုင်ရန် စီမံပေးရန်အရေးကြီးကြောင်း ယာယီသမ္မတက ပြောကြားသည်။
မြန်မာနိုင်ငံ၏ သန်းခေါင်စာရင်းကောက်ယူမှုသမိုင်းကြောင်းကို ပြန်လည်လေ့လာ သုံးသပ်ကြည့်မည်ဆိုပါက လွတ်လပ်ရေးမရမီ ၁၈၇၂ ခုနှစ်မှ ၁၉၄၁ ခုနှစ်အတွင်း သန်းခေါင်စာရင်း (၈) ကြိမ် ကောက်ယူခဲ့သည်ကို တွေ့ရှိရကြောင်း၊ လွတ်လပ်ရေးရပြီးနောက် လူဦးရေ သန်းခေါင်စာရင်းများကို တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ၁၉၇၃ ခုနှစ်၊ ၁၉၈၃ ခုနှစ်၊ ၂၀၁၄ ခုနှစ်တို့တွင် ကောက်ယူခဲ့ပြီး ယခု ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းနှင့် ဆိုပါက (၄)ကြိမ် ကောက်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
