၉. ၁၀. ၂၀၂၅
Written by Nyein Kyaw
မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့အနေဖြင့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကိုလိုက်နာပြီး နိုင်ငံတော်၏ ရေကြောင်းအကျိုးစီးပွားများ ပိုမိုဖွံ့ဖြိုးလာစေရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ယနေ့ ကျင်းပသည့် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့၏တပ်ဖွဲ့ဖွဲ့စည်းခြင်း (၄)နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ပြောကြားသည်။
ယနေ့သည် ကမ်းခြေစောင့်တပ်ဖွဲ့၏ (၄) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားဖြစ်ပြီး နိုင်ငံတော်၏ မြန်မာ့ပင်လယ်ပြင်နှင့် ရေကြောင်းအကျိုးစီးပွားများ၊ ပင်လယ်ပြာစီးပွားရေး လုပ်ငန်းများအား ကာကွယ်စောင့်ရှောက်ရန်၊ ရေကြောင်းလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများအား တားဆီးကာကွယ်ရန်၊ ပင်လယ်ပြင်တရားဥပဒေစိုးမိုးရေးနှင့် လူသားချင်းစာနာမှု အထောက်အကူပေးရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ အရေးပေါ်အချိန်တွင် တပ်မတော်(ရေ)အား အထောက်အကူပြုနိုင်ရန် စသည့် ရည်မှန်းချက်တာဝန်များကို ထမ်းဆောင်နိုင်ရေးအတွက် မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောကြားသည်။
ရေကြောင်းအကျိုးစီးပွားများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရာတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ တာဝန်ထမ်းဆောင်သွားရမည့်တပ်ဖွဲ့ဖြစ်သည်ကို လေးနက်စွာ နားလည်သဘောပေါက် ခံယူထားကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ပင်လယ်ရေကြောင်းတရားဥပဒေစိုးမိုးရေးနှင့် စီးပွားရေးအင်အား တောင့်တင်းလာစေရန် တည်ဆောက်ရေး စသည့်လုပ်ငန်းများ၌ ကျရာအခန်းကဏ္ဍမှ တာဝန်ကျေပွန်အောင် ထမ်းဆောင်သွားကြရန်လိုကြောင်း ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောကြားသည်။

ထို့ပြင် ပင်လယ်ပြင် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် နိုင်ငံတကာ ပင်လယ်ရေကြောင်းဆိုင်ရာ ကိစ္စရပ်များ၌ အဖြူရောင်သံတမန် (White Hull Diplomat)အဖြစ်လည်း ရည်မှန်းချက်ထားရှိဆောင်ရွက်သွားရန်လိုကြောင်း ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောကြားသည်။
ကမ်းခြေစောင့်တပ်ဖွဲ့၏ လုပ်ငန်းတာဝန်များထမ်းဆောင်ရာတွင် ဥပဒေကြောင်းအရ ခိုင်ခိုင်မာမာဆောင်ရွက်နိုင်ရေး မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်တွင် နိုင်ငံတော်အစိုးရက အတည်ပြုပြဋ္ဌာန်းပေးခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာ့ပင်လယ်ပြင်အတွင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ထိရောက်မှု၊ တရားမျှတမှု၊ လုံခြုံမှု၊ အကာအကွယ်ပေးမှုနှင့် လက်တွေ့ကျင့်သုံးနိုင်မှုများဆောင်ရွက်နိုင်ရေး မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေတွင် ပြဋ္ဌာန်းထားရှိကြောင်း ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောကြားသည်။
မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေနှင့် တည်ဆဲရေကြောင်းဥပဒေများအတိုင်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ပြီး နိုင်ငံတော်၏ ရေကြောင်းအကျိုးစီးပွားများ ပိုမိုဖွံ့ဖြိုးလာစေရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေနှင့် ဆက်စပ်ကျင့်သုံးရမည့် ရေကြောင်းဆိုင်ရာဥပဒေများကိုလည်း စဉ်ဆက်မပြတ်လေ့လာ၍ နိုင်ငံတော်၏ ရေကြောင်းအကျိုးစီးပွားများကို ကာကွယ် စောင့်ရှောက်သွားရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောကြားသည်။
