◾️ ဆရာ၊ ဆရာများ၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အရည်အသွေးတိုးတက်စေရန်နှင့် သင်ကြားရေး အဆင့်အတန်း မြင့်မားစေရန် ကြိုးပမ်းဆောင်ရွက်ပေးနေ
၅. ၁၀. ၂၀၂၅
Written by Nyein Kyaw
တွေးခေါ်မြော်မြင်မှု မြင့်မားသည့် ပညာတက်များဖြင့် နိုင်ငံတော်ကို တည်ဆောက်မှသာ ယခုထက်ပို၍ ဖွံ့ဖြိုးတက်အောင် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ အောက်တိုဘာ ၅ ရက်တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် ထည့်သွင်း ပြောကြားသည်။
၁၉၉၄ ခုနှစ်မှစတင်ကာ နှစ်စဉ် အောက်တိုဘာ ၅ ရက်နေ့တွင် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို ကမ္ဘာအနှံ့ကျင်းပခဲ့ရာ ယခုနှစ်ဆိုလျှင် ၃၂ နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်း၊ မိမိတို့ မြန်မာနိုင်ငံတွင်လည်း ပညာရေးပန်းတိုင်သို့ အရောက်လှမ်းနိုင်စေရေး၌ မည်သူတစ်ဦးတစ်ယောက်ကိုမျှ နောက်ကျမကျန်ခဲ့စေရန် ဝါသနာ၊ စေတနာ၊ အနစ်နာ စသည့် ကောင်းမွန်မြင့်မြတ်မှုတို့ဖြင့် အစဉ်အမြဲကြိုးစားနေသည့် ဆရာများကို ဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့ဆရာများနေ့အခမ်းအနားကို ၂၀၀၂ ခုနှစ်၊ အောက်တိုဘာ ၅ ရက်နေ့မှစတင်ကျင်းပခဲ့ရာ ယခုဆိုလျှင်ပင် ၂၃ နှစ်ရှိပြီဖြစ်ကြောင်း သဝဏ်လွှာတွင် ထည့်သွင်းဖော်ပြထားသည်။
ခေတ်မီတိုးတက်ပြောင်းလဲလာသော ပညာခေတ်တွင် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေးအတွက် ဆရာများသည် ခေတ်မီအတတ်ပညာများ၊ နည်းပညာများကို အစဉ်လေ့လာသင်ယူနေကြရန်လည်း လိုအပ်ကြောင်း၊ ဆရာ၊ ဆရာမများသည် မိမိတို့၏ တပည့်များကို အသိပညာရှင်၊ အတတ်ပညာရှင်များအဖြစ် ပြုစုပျိုးထောင်နေသူများဖြစ်ရာ မိမိတို့၏ အရည်အသွေး တိုးတက်မှုအတွက်လည်း စဉ်ဆက်မပြတ် လေ့လာသင်ယူနေကြရမည်ဖြစ်ကြောင်း ယာယီသမ္မတ၏ သဝဏ်လွှာတွင် ထည့်သွင်းပြောကြားသည်။
ဆရာတို့၏ အဓိကတာဝန်သည် ကာလ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသည့် ဗလငါးတန်နှင့် ပြည့်စုံသော၊ အရည်အသွေးပြည့်ဝပြီး ထူချွန်ထက်မြတ်သော လူ့စွမ်းအားအရင်းအမြစ်ကောင်းများအဖြစ် ကျောင်းသား လူငယ်လူရွယ်များကို မွေးထုတ်ပေးကြရမည်ဖြစ်ကြောင်း၊ တွေးခေါ်မြော်မြင်မှုမြင့်မားသည့် ပညာတက်များဖြင့် နိုင်ငံတော်ကို တည်ဆောက်မှသာ ယခုထက်ပို၍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ယာယီသမ္မတ၏ သဝဏ်လွှာတွင် ထည့်သွင်းပြောကြားသည်။
နိုင်ငံတော်အနေဖြင့်လည်း ဆရာ၊ ဆရာများ၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အရည်အသွေးတိုးတက်စေရန်နှင့် သင်ကြားရေးအဆင့်အတန်းမြင့်မားစေရန် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း ယာယီသမ္မတ၏ သဝဏ်လွှာတွင် ထည့်သွင်းပြောကြားသည်။
