◾ ကာဇက်စတန်နိုင်ငံသမ္မတနှင့် တွေ့ဆုံခဲ့စဉ် ရင်းနှီးမြှုပ်နှံမှု၊ သိပ္ပံနှင့် နည်းပညာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ပြီး ကောင်းမွန်သည့်ရလဒ်များရရှိခဲ့ဟုပါ ဆို
၂၉. ၉. ၂၀၂၅
Written by Nyein Kyaw
ကာဇက်စတန်နိုင်ငံသမ္မတ H.E.Mr. Kassym-Jomart Tokayev နှင့် တွေ့ဆုံစဉ် ကာဇက်စတန်နိုင်ငံသို့ မြန်မာ့ပေါ်ဆန်းမွှေးဆန် တင်ပို့နိုင်ရေး ဆွေးနွေးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ရုရှားနိုင်ငံနှင့် ကာဇက်စတန်နိုင်ငံများသို အလုပ်သဘောခရီးစဉ်များ သွားရောက်ခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် ကာဇက်စတန်နိုင်ငံ၊ အက်စတာနာလေဆိပ်မှ မြန်မာနိုင်ငံသို အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာလာစဉ် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထူးလေယာဉ်ပေါ်၌ မီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို လက်ခံဖြေကြားခဲ့ချိန် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။




“ကာဇက်စတန်ကို ရောက်ရှိတဲ့အခါမှာလည်း ကာဇက်စတန်သမ္မတကြီးနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒါလည်း ဒုတိယအကြိမ် ဆွေးနွေးတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လက တစ်ခါဆွေးနွေးခဲ့ပါတယ်။ ပထမအကြိမ် ဆွေးနွေးခဲ့တဲ့ရလဒ်အပေါ်မူတည်ပြီးတော့ ကျွန်တော်တို့ ဘယ်ကဏ္ဍတွေမှာ ပိုပြီးတိုးချဲ့ဖို့လုပ်မလဲ။ မြန်မာနိုင်ငံမှာ ဘာကိုရင်းနှီးမြှုပ်နှံမှုလုပ်မလဲ။ မြန်မာနိုင်ငံက ထုတ်ကုန်ပစ္စည်းတွေ အသုံးပြုပြီးတော့မှ ကာဇက်စတန်နိုင်ငံမှာ တန်ဖိုးမြင့်ပစ္စည်းတွေ ဘယ်လိုထုတ်လုပ်ကြမလဲ။ သိပ္ပံနဲ့နည်းပညာဆိုင်ရာကဏ္ဍတွေ ဘယ်လိုပူးပေါင်း ဆောင်ရွက်ကြမလဲ။ မြို့ပြဆိုင်ရာကဏ္ဍတွေမှာ ဘယ်လိုပူးပေါင်း ဆောင်ရွက်ကြမလဲ။ ဒါတွေလည်း ကျွန်တော်တို့ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ကောင်းမွန်တဲ့ရလဒ်တွေရခဲ့တယ်လို့ ပြောလိုပါတယ်” ဟု ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
မြန်မာနိုင်ငံနှင့် ကာဇက်စတန်နိုင်ငံတို့အကြား သံတမန်ဆက်ဆံမှု ၂၆ နှစ်အတွင်း ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကာဇက်စတန်နိုင်ငံသို့ မြန်မာနိုင်ငံမှ ပထမဆုံး လာရောက်ခဲ့သည့် ပထမဆုံးသမ္မတဖြစ်ကြောင်း သိရသည်။
“ပြီးခဲ့တဲ့ ၁၉၉၉ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်နေ့ က သံတမန်ဆက်ဆံမှုလုပ်ခဲ့တာဖြစ်ပြီး ကျွန်တော်ရောက်တဲ့နေ့က ၂၇ ရက်နေ့ဖြစ်ပါတယ်။ အဲ့ဒီတော့ ၂၆ နှစ်ပြည့်ပြီး တစ်ရက်မှာရောက်တာပေါ့လေ။ ထူးခြားမှုရှိပါတယ်။ သူတို့ သမ္မတကြီးကလည်း ဒါကို အလေးထားပြီး ပြောပါတယ်။ မြန်မာနိုင်ငံ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ပထမဦးဆုံးလာတဲ့ ခရီးစဉ်ဖြစ်တယ်။ New Step ခြေလှမ်းသစ်တစ်ခုကို စခဲ့တယ်ဆိုတာလေး သူပြောတာပေါ့” ဟု ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ကာဇက်စတန်နိုင်ငံသည် မြေပေါ်မြေအောက် သယံဇာတပစ္စည်း အထူးသဖြင့် မြေအောက်သယံဇာတပစ္စည်းများဖြစ်သည့် ရေနံနှင့်ဓာတ်ငွေ့၊ ကြေးနီ၊ ရွှေ၊ ခရိုမီယမ်၊ သံ စသည်တို့ တော်တော်များများ ထွက်ရှိသည့် နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင်လည်း ထိပ်တန်းတင်ပို့နေသည့် နိုင်ငံတစ်ခုဖြစ်သည့်အပြင် စိုက်ပျိုးမွေးမြူရေးကိုလည်း ဆောင်ရွက်နေသည့် နိုင်ငံလည်းဖြစ်ကြောင်း သိရသည်။
“စိုက်ပျိုးရေးနဲ့ မွေးမြူရေးလည်း လုပ်တဲ့နိုင်ငံတစ်ခုပါ။ သူ့နိုင်ငံက ဂျုံက ကမ္ဘာမှာ အကောင်းဆုံး ဂျုံထဲမှာ ပါတာ တွေ့ပါတယ်။ ဒါလည်း နမူနာ သုံးစွဲကြည့်ပြီး ဖြစ်ပါတယ်။ ထိုအတူပဲ မြန်မာနိုင်ငံက ထုတ်ကုန်ပစ္စည်းထဲမှာလည်း အဓိကတော့ ပေါ်ဆန်းမွှေးဆန်ပေါ့။ ပေါ်ဆန်းမွှေးဆန်ကို တော်တော်လေးစိတ်ဝင်စားပါတယ်။ မြန်မာနိုင်ငံကလည်း ဘယ်လိုလမ်းကြောင်းကနေ ပို့မလဲပေါ့။ ဒီဟာတွေ ဆွေးနွေးနိုင်ခဲ့တာ ရှိပါတယ်” ဟု ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
