နေမိုး
၁၉. ၉. ၂၀၂၅
နေအိမ်တွင်ရှိနေသည့် ရာအိမ်မှူးကို နတ္တလင်း PDF သုံးဦးက ဒလန်ဟု စွပ်စွဲကာ သတ်ဖြတ်လိုက်မှု နတ္တလင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၇ ရက် နံနက် ၉ နာရီ ၁၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ရှားစီးဘို(အောက်စု) ကျေးရွာနေ ရာအိမ်မှူးဖြစ်သူ ဦးကျော်စိုး(ခ)ဖိုးကျော်(၄၇)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF သုံးဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး “ဒလန်” ဟုပြောဆိုကာ နေအိမ်အရှေ့သို့ ဖမ်းဆီးခေါ်ဆောင်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးကျော်စိုး(ခ)ဖိုးကျော်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းသည် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူအများအပြား သတ်ဖြတ်ခံရသည့် တိုင်းတစ်ခုဖြစ်သလို ဖမ်းဆီးရမိမှုလည်း မရှိသလောက်နည်းပါးသည်။
နွေဦးတော်လှန်ရေးစတင်ချိန်မှ ယခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့အထိ အကြမ်းဖက်အဖွဲ့များ၏လုပ်ရပ်ကြောင့် ကျောင်းသားကျောင်းသူများအပါအဝင် ကလေးသူငယ် ၃၅၇ ဦး၊ အုပ်ချုပ်ရေးဝန်ထမ်း ၁,၂၅၃ ဦး၊ ဆရာ/ဆရာမ ၁၂၀ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၂၄ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၉,၆၁၆ ဦးမှာ “ဒလန်၊ သူလျှို၊ သတင်းပေး၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များနှင့် NLD, CRPH, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။
