၁၇.၉.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အမေရိကန်နိုင်ငံရဲ့ လုံခြုံရေးကို ထိခိုက်စေတယ်ဆိုတဲ့ အကြောင်းအချက်တွေနဲ့ TikTok လူမှုမီဒီယာပလက်ဖောင်းရဲ့ အမေရိကန်နိုင်ငံတွင်း လုပ်ငန်းလည်ပတ်မှုတွေကို ပိတ်ပင်ပြီး သူ့ရဲ့မူလတရုတ်ပိုင်ရှင်ထိန်းချုပ်မှုမှ ခွဲထုတ်ကာ အမေရိကန်ကုမ္ပဏီတွေဆီ လွှဲအပ်ဖို့အတွက် နောက်ဆုံးရက်ကို ဒီဇင်ဘာ ၁၆ ရက်အထိ သက်တမ်းတိုးတဲ့ သမ္မတအမိန့်ကို စက်တင်ဘာလ ၁၇ ရက်က လက်မှတ်ရေးထိုးခဲ့ပါတယ်။
အခုလို သဘောတူ လက်မှတ်ထိုးခဲ့တာက အမေရိကန်နဲ့ တရုတ်နှစ်နိုင်ငံအစိုးရတွေဟာ TikTok ရဲ့ တရုတ်ပိုင်ရှင် ByteDance Ltd က မီဒီယာမှာပါဝင်နေတဲ့ အမေရိကန် ပိုင်ဆိုင်မှုတွေကို အမေရိကန် ပိုင်ရှင်တွေထံ လွှဲပြောင်းဖို့ သဘောတူလိုက်တာရဲ့ နောက်ဆုံးအဆင့်ပေါ်ပေါက်တာပဲလို့ ယူဆကြပါတယ်။
ယခင် တတိယအကြိမ်သက်တမ်းတိုးမှုက စက်တင်ဘာလ ၁၇ ရက်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ မက်ဒရစ်မြို့မှာ နှစ်ရက်ကြာ ဆွေးနွေးခဲ့ကြပြီးနောက် အမေရိကန်အသုံးပြုသူ သန်း ၁၇၀ ခန့်အတွက် TikTok ကို ဆက်လက်ရှင်သန်နေစေဖို့ မူဘောင်တစ်ရပ်ကို နှစ်နိုင်ငံအဆင့်မြင့်တာဝန်ရှိသူတွေက သဘောတူခဲ့ကြတယ်လို့ စက်တင်ဘာလ ၁၅ ရက်မှာ ပြောခဲ့ကြပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က စက်တင်ဘာ ၁၉ ရက်မှာ တရုတ်သမ္မတ ရှီကျင့်ဖိန်နဲ့ ဆက်သွယ်စကားပြောဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။
“ကျွန်တော်တို့မှာ TikTok ကိုဝယ်ယူဖို့ အလွန်ကြီးမားတဲ့ ကုမ္ပဏီအုပ်စုတစ်ခုရှိတာကြောင့်ရောင်းချဖို့ သဘောတူညီချက်တစ်ရပ် ရရှိပါပြီ” လို့ ထရမ့်ပ်က စက်တင်ဘာလ ၁၆ ရက် နံနက်ပိုင်းမှာပြောခဲ့ပါတယ်။
စပိန်မြို့တော်၊ မက်ဒရစ်မြို့မှာ ညှိနှိုင်းဆွေးနွေးမှုမှာ ပါဝင်ခဲ့တဲ့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့တ်ဘက်ဆန့်က CNBC သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းပွဲတစ်ခုမှာ ထရမ့်ပ်နဲ့ ရှီတို့ဟာ လာမယ့်ဖုန်းခေါ် ဆိုမှုအတွင်း နောက်ဆုံးသဘောတူညီချက်တစ်ရပ်ကို သဘောတူညီကြလိမ့်မယ်လို့ ပြောခဲ့ပါတယ်။
TikTok ကို ရောင်းချခဲ့မှုမှာ လုပ်ငန်းစဉ်က တိကျရှင်းလင်းမှုမရှိသေးပါဘူး။ ဒါပေမယ့် တချို့သော အမေရိကန်မီဒီယာတွေကတော့ TikTok ရဲ့ အမေရိကန်နိုင်ငံအတွင်း လုပ်ငန်းကို နည်းပညာကုမ္ပဏီကြီး Oracle Corp အပါအဝင် ရင်းနှီးမြှုပ်နှံသူအစုအဖွဲ့မှ ထိန်းချုပ်ထားမယ်လို့ မျှော်လင့်တယ်လို့ သိရပါတယ်။
ကွန်ဂရက်မှာ ပါတီတိုင်းရဲ့ ထောက်ခံမှုရရှိခဲ့တဲ့ TikTok အပေါ် ပြည်ထောင်စုအစိုးရရဲ့ပိတ်ပင်မှုက ၂၀၂၄ ခုနှစ် ဧပြီလမှာ ထရမ့်ပ် မတိုင်မီ သမ္မတဖြစ်တဲ့ ဂျိုးဘိုင်ဒန်က ဥပဒေအဖြစ် လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ စတင်အသက်ဝင်ဖို့ဖော်ပြခဲ့တာပါ။
အမေရိကန်အစိုးရနဲ့ ဥပဒေပြုအမတ်တွေက TikTok သည် နိုင်ငံတော်လုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်တယ်လို့ ပြောခဲ့ကြပေမယ့် ByteDance ကတော့ တရုတ်အာဏာပိုင်တွေက သုံးစွဲသူအချက်အလက်တွေကို ဝင်ရောက်ကြည့်ရှုဖို့ TikTok အနေနဲ့ခွင့်ပေးခဲ့တယ်ဆိုတာ မမှန်ကန်ဘူးလို့ အကြိမ်ကြိမ်ငြင်းဆိုခဲ့ပါတယ်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ အမေရိကန်သမ္မတအဖြစ် အိမ်ဖြူတော်ကို ပြန်လည်ရောက်ရှိလာပြီးတဲ့အချိန်ကစလို့ ထရမ့်ပ် အနေနဲ့ တရုတ်သမ္မတ ရှီနဲ့ ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံမှုအတွက် အခြေခံလုပ်ဆောင်မှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အမေရိကန်နဲ့ တရုတ်တို့က ဒီပြဿနာကိုလည်းဖြေရှင်းဖို့ ကြိုးပမ်းဆောင်ရွက်နေတာလို့လည်း ဆိုရမှာပါ။
ထရမ့်ပ်က ယခုနှစ် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးအစည်းအဝေးအတွက် အောက်တိုဘာ ၃၁ ရက်မှ စတင်ကာ တောင်ကိုးရီးယားသို့ နှစ်ရက်ကြာ သွားရောက်မယ့် အချိန်အတွင်း အစည်းအဝေးမှာ ဒါမှမဟုတ် ပတ်ဝန်းကျင်မှာ တွေ့ဆုံဖို့ လေ့လာစူးစမ်းနေကြပါတယ်။
Ref, Kyodo News
