သတိုး
၁၅. ၉. ၂၀၂၅
ဗြိတိသျှလက်ဝှေ့လောက၏ ထင်ရှားသော ပုဂ္ဂိုလ် ရစ်ကီဟတ်တန် (Ricky Hatton) သည် အသက် ၄၆ နှစ်အရွယ် ယမန်နေ့တွင် ကွယ်လွန်သွားခဲ့ရာ အားကစားလောကတခွင်မှ ဝမ်းနည်းကြောင်းနှင့် ဂုဏ်ပြုစကားများ ထွက်ပေါ်လာခဲ့သည်။
ဟတ်တန်ကွယ်လွန်မှုအပေါ် ဗြိတိန်(ယူနိုက်တက်ကင်းဒမ်း)၊ Greater Manchester ရဲတပ်ဖွဲ့က “ကမ္ဘာ့လက်ဝှေ့ချန်ပီယံဟောင်းရစ်ကီဟတ်တန်သည် အသက် ၄၆ နှစ်အရွယ်တွင် ကွယ်လွန်သွားပြီ” ဖြစ်ကြောင်း အတည်ပြုပေးခဲ့သည်။
”The Hitman” ဟု ပရိသတ်များက သိကြသော ဟတ်တန်ကို တနင်္ဂနွေနေ့ နံနက်အစောပိုင်းတွင် မန်ချက်စတာအနီးရှိ Hyde မြို့မှ ၎င်း၏နေအိမ်၌ သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ဟတ်တန်သေဆုံးမှုအပေါ် ရဲတပ်ဖွဲ့က “တနင်္ဂနွေနေ့ နံနက် ၆ နာရီ ၄၅ မိနစ် (မြန်မာစံတော်ချိန် ညနေ ၅ နာရီ ၄၅ မိနစ်) တွင် Tameside, Hyde မြို့နယ်၊ Bowlacre လမ်းအနီး နေအိမ်၌ အသက် ၄၆ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးနေကြောင်း သတင်းရရှိသဖြင့် သွားရောက်ခဲ့ပါသည်။ သေဆုံးမှုနှင့် စပ်လျဉ်းပြီး လက်ရှိအချိန်တွင် သံသယဖြစ်ဖွယ် အခြေအနေများ မတွေ့ရှိရသေးပါ” ဟု ပြောကြားခဲ့သည်။
မန်ချက်စတာဇာတိဖွား ဟတ်တန်သည် ဗြိတိန်၏ အကျော်ကြားဆုံး လက်ဝှေ့သမားများထဲမှ တစ်ဦးဖြစ်လာခဲ့ပြီး လိုက်-ဝဲလ်တာဝိတ်နှင့် ဝဲလ်တာဝိတ်တန်းများတွင် ကမ္ဘာ့ချန်ပီယံဆုများ ရရှိခဲ့သည်။ ၁၅ နှစ်ကြာ ပရော်ဖက်ရှင်နယ် အားကစားသမားဘဝတစ်လျှောက်တွင် ၂၀၁၂ ခုနှစ်၌ အနားမယူမီ ပွဲပေါင်း ၄၈ ပွဲအနက် ၄၅ ပွဲ အနိုင်ရရှိခဲ့သည်။
ဟတ်တန်၏ သေဆုံးမှုက အားကစားလောကမှ ဝမ်းနည်းစွာ ပြောကြားသော ဂုဏ်ပြုစကားများ အလျှံပယ် ဖြစ်ပေါ်စေခဲ့သလို အင်္ဂလန်နှင့် မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း David Beckham က ၎င်း၏ Instagram တွင် “ရစ်ကီက ကြင်နာတတ်သူပါ။ စိတ်နှလုံး ထိခိုက် နာကျင်ရပါတယ်” ဟု ရေးသားခဲ့သည်။
အလားတူ ဟဲဗီးဝိတ်ချန်ပီယံ Tyson Fury က “ဂန္တဝင် ရစ်ကီဟတ်တန်ရေ ငြိမ်းချမ်းစွာ အနားယူပါတော့။ ရစ်ကီဟတ်တန်လို ပုဂ္ဂိုလ်မျိုးက သူတစ်ဦးတည်းသာ ရှိနေမှာပါ။ ဒီသတင်းကို မယုံကြည်နိုင်ပါဘူး။ သူက အရမ်းငယ်ရွယ်ပါသေးတယ်” ဟု ရေးသားခဲ့သည်။
ဘောလုံးလောကမှ ပုဂ္ဂိုလ်များကလည်းတစ်သက်တာ မန်ချက်စတာစီးတီး ပရိသတ်ဖြစ်သူ ဟတ်တန်ကို ဂုဏ်ပြုခဲ့ကြသည်။ တနင်္ဂနွေနေ့က မန်စီးတီးနှင့် မန်ချက်စတာယူနိုက်တက်တို့၏ ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီ အီးတီဟတ်အားကစားကွင်း၌ တစ်မိနစ်ကြာ လက်ခုပ်တီး ဂုဏ်ပြုခဲ့ကြပြီး ပရိသတ်များက ၎င်း၏အမည်ကို အော်ဟစ်တမ်းတခဲ့ကြသည်။ ထို့အတူ မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာက ဟတ်တန်အား “စစ်မှန်တဲ့ချန်ပီယံ” နှင့် “မန်စီးတီးမိသားစုဝင်တစ်ဦး” ဟု ဖော်ပြခဲ့သည်။
ဟတ်တန်၏ ချန်ပီယံခါးပတ်များကို တစ်ချိန်က ကြိုးဝိုင်းအတွင်း သယ်ဆောင်ပေးခဲ့ဖူးသည့် ဝိန်း ရူနီက X တွင် “ဝမ်းနည်းပက်လက်ဖြစ်မိကြောင်း” ပြောကြားခဲ့သလို ဟတ်တန်အား “ဂန္တဝင်၊ သူရဲကောင်းနှင့် ကြီးမြတ်သောပုဂ္ဂိုလ်” ဟု သုံးနှုန်းခဲ့သည်။
ဟတ်တန်၏ အားကစားသမားဘဝတွင် ကမ္ဘာကျော် လက်ဝှေ့ချန်ပီယံများဖြစ်သော Kostya Tszyu နှင့် Jose Luis Castillo တို့ကို အမှတ်တရ အနိုင်ရရှိခဲ့သည်။ ၎င်း၏ ရှုံးပွဲများသည် လက်ဝှေ့အကျော်အမော်များဖြစ်သည့် Floyd Mayweather ၊ Manny Pacquiao နှင့် နောက်ဆုံးပွဲစဉ်တွင် WBA ဝယ်လ်တာဝိတ် ချန်ပီယံ Vyacheslav Senchenko တို့နှင့်သာ ဖြစ်ခဲ့သည်။
မကြာသေးမီနှစ်များအတွင်း ဟတ်တန်သည် အားကစားနှင့် နီးစပ်ဆဲဖြစ်သည်။ အနားယူစ ၂၀၁၂ ခုနှစ်တွင် လက်ဝှေ့ပြန်ထိုးရန် ကြိုးစားခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် Marco Antonio Barrera နှင့် ချစ်ကြည်ရေးပွဲ ထိုးသတ်ခဲ့သည်။ ယခုနှစ်အစောပိုင်းတွင်လည်း ဒူဘိုင်း၌ Eisa Al Dah နှင့် ယှဉ်ပြိုင်ရန် အစီအစဉ်များ ကြေညာခဲ့သေးသည်။
ထို့ပြင် ၎င်း၏ စိတ်ကျန်းမာရေးနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ရုန်းကန်မှုများကို ဖော်ပြထားသည့် ၂၀၂၃ ခုနှစ် မှတ်တမ်းရုပ်ရှင် “Hatton” တွင်လည်း ပါဝင်ခဲ့ပြီး စိတ်ကျရောဂါနှင့် ပတ်သက်၍ ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့သည်။
Ref, Al Jazeera and news agencies
