၅.၉.၂၀၂၅.
Translated by Htwe Ko Tun
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ ဩဂုတ်လ ၃၁ ရက်က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၆ ဒသမ ၀ မဂ္ဂနီကျူ့ရှိ ငလျင်တစ်ခုနဲ့ နောက်ဆက်တွဲငလျင်တွေအတွင်းမှာ သေဆုံးသူဦးရေက စက်တင်ဘာလ ၄ ရက် ညပိုင်းအထိ အနည်းဆုံး လူ ၂,၂၀၀ ကျော် အထိရှိလာတယ်လို့ တာလီဘန်အာဏာပိုင်တွေက ပြောခဲ့ကြပါတယ်။
သေဆုံးသူတွေအနက် အများစုက ပါကစ္စတန်နိုင်ငံနယ်စပ်ရှိ ကူနားပြည်နယ်အတွင်းမှာဖြစ်တယ်လို့ သိရပြီး ဒဏ်ရာရသူပေါင်းလည်း ၄,၀၀၀ နီပါးအထိရှိလာတယ်လို့ တာလီဘန်အစိုးရ ဒုတိယ ပြောရေးဆိုခွင့်ရှိသူ ဟမ်ဒူလာ ဖစ်ရန်က စက်တင်ဘာလ ၄ ရက် မှာ ပြောခဲ့ပါတယ်။ အခုအခါ ငလျင်ဒဏ်ခံရသူ ပြည်သူတွေအတွက် ရှေးဦးထောက်ပံ့ရေးအကူအညီတွေ ဖြန့်ချိထားပြီး အရေးပေါ်လိုအပ်တဲ့ပစ္စည်းတွေလည်း ပို့ပေးထားတယ်လို့ သူကပြောခဲ့ပါတယ်။

ဩဂုတ်လ ၃၁ ရက်က ပြင်းအား ၆ ဒသမ ၀ မဂ္ဂနီကျူ့ရှိ ငလျင် လှုပ်ခတ်အပြီးမှာတော့ စက်တင်ဘာလ ၂ ရက်မှာ အာဖဂန်နစ္စတန်နိုင်ငံအတွင်း ပြင်းအား ၅ ဒသမ ၂ မဂ္ဂနီကျူ့ရှိ ငလျင်ထပ်မံလှုပ်ခတ်ခဲ့ပါတယ်။ စက်တင်ဘာလ ၄ ရက် ညပိုင်းမှာတော့ ပါကစ္စတန်နယ်စပ်အနီး ဂျာလာလာဘတ်မြို့အနီးမှာပဲ ပြင်းအား ၅ ဒသမ ၆ မဂ္ဂနီကျူ့ရှိတယ်လို့ ဆိုတဲ့ ငလျင်က ထပ်မံလှုပ်ခတ်သွားခဲ့ပြန်ပါတယ်။
ဒီလိုနောက်ဆက်တွဲငလျင်တွေကြောင့် ကျောက်တုံးတွေပြိုကျမှု၊မြေပြိုကျမှုတွေ ဖြစ်ပြီး လမ်းတွေပိတ်ဆို့ကာ ယာဉ်သွားလာမှုခက်ခဲနေရတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာလည်း နှေးကွေးနေရတယ်လို့ သိရပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က စက်တင်ဘာလ ၃ ရက်မှာ ထုတ်ပြန်ကြေညာချက်တစ်ခုက ကျေးရွာတွေမှာ ပြိုကျနေတဲ့အိမ်တွေအောက်မှာအတော်များများပိတ်မိနေသေးတယ်လို့ ယုံကြည်ရပြီး သူတို့ကို အသက်ရှင်လျက် ပြန်ကယ်နိုင်ဖို့လမ်းကလည်းပိတ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ငလျင်ဒဏ်ခံရသူတွေအတွက်လူသားချင်းစာနာထောက်ထားမှုအထောက်အပံ့တွေလိုအပ်ချက်ကလည်း ကြီးမားစွာ မြင့်တက်လာနေတယ်လို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်းနဲ့ လခြမ်းနီအသင်းတို့က ပြောကြပါတယ်။ ငလျင်လှုပ်ခတ်မှုတွေကြောင့် စုစုပေါင်း လူ ၁ ဒသမ ၃ သန်းခန့်အပေါ် သက်ရောက်မှုရှိခဲ့ပြီး အိမ်ပေါင်းများစွာလည်းပျက်စီးထိခိုက်ခဲ့ပါတယ်။
Ref-DW
