၆.၂. ၂၀၂၃

Written by Phyo Wei

အွန်လိုင်းပေါ်က အစိုးရအဖြစ်ပဲ သတ်မှတ်ထားပြီး ကမ္ဘာ့ဘယ်နိုင်ငံကမှ အစိုးရအဖြစ် သတ်မှတ်ခံရမှုမရှိတဲ့ NUG ရဲ့ မိုးကုတ်ပတ္တမြားမြေက လုပ်ကွက်တွေကို ဒေါ်လာ ၂ သိန်းကျော်ကနေ ၂၈ သိန်းကျော်နဲ့ စတင်ရောင်းချမယ် ဆိုတဲ့ အစီအစဉ်ကြောင့် မယုံကြည်သူတွေက လှောင်ပြောင်စရာဖြစ်ခဲ့ရတဲ့ ဒီရက်သတ္တပတ်မှာ မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေးကိန်းဂဏန်းတွေက အကျပ်အတည်းကြားမှာကို အကောင်းမြင်မှုတွေ ရှိလာတာတွေ့ရသလို အားနည်းချက်တွေအဖြစ်လည်း အဂတိလိုက်စားမှုညွှန်းကိန်းတွေကလည်း အရေးယူနေတဲ့ကြားက ကျဆင်းလာနေတာ တွေ့ရပါတယ်။ တစ်ဖက်မှာလည်း ဦးဖြိုးမင်းသိန်းလက်ထက်က ကုမ္ပဏီတစ်ခုတည်းကို စက်သုံးဆီဆိုင်တွေဖွင့်ဖို မြေဧက ရာဂဏန်းလောက်ကို တစ်ပေပတ်လည် ကျပ် ၂၀၀၀ နဲ့ ကျပ် ၄၈၀၀ ကြားနဲ့ ပေးခဲ့တာကြောင့် နိုင်ငံနစ်နာတာတွေ ပြန်သိမ်းခဲ့တယ်ဆိုပေမဲ့ ဒီလိုမျိုး အဂတိကို အရေးယူရာမှာ အဓိကတာဝန်အရှိဆုံးသူ လွတ်မြောက်နေတာကြောင့်များ အဂတိညွှန်းကိန်းတွေ ကျဆင်းသွားတာလား တွေးစရာဖြစ်ခဲ့တဲ့ ရက်သတ္တပတ်ရဲ့စီးပွားရေးဆိုင်ရာ သုံးသပ်ချက်အဖြစ်တော့ ထုတ်လုပ်မှုနဲ့ အော်ဒါအသစ်တက်လာတဲ့မြန်မာ့ကုန်ထုတ်လုပ်မှုကဏ္ဍအကြောင်း၊ ပဋိပက္ခတွေကြားက တိုးတက်လာတဲ့ မြန်မာ့စီးပွားရေးတိုးတက်မှုတွေအကြောင်းနဲ့ အရေးယူမှုတွေအများအပြားလုပ်နေတဲ့ကြားက အဆင့်ကျလာတဲ့ မြန်မာနိုင်ငံရဲ့ အဂတိညွှန်းကိန်းတွေအကြောင်းကို တင်ပြချင်ပါတယ်။

“ထုတ်လုပ်မှုနဲ့ အော်ဒါအသစ်တက်လာတဲ့ မြန်မာ့ကုန်ထုတ်လုပ်မှုကဏ္ဍ”

ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ မြန်မာနိုင်ငံအတွင်းက ထုတ်လုပ်ရေးလုပ်ငန်းတွေဟာ ထုတ်လုပ်မှုသာမက အော်ဒါအသစ်တွေပါ တိုးတက်လာခဲ့ပြီး တိုးတက်မှုနှုန်း အနည်းငယ်ပဲရှိပေမဲ့ နှစ်နှစ်ခွဲနီးပါးအတွင်း ထုတ်လုပ်မှုတိုးလာခဲ့တဲ့ ဒုတိယကာလဖြစ်တယ်လို့ S&P Global ရဲ့ မြန်မာ့ထုတ်လုပ်မှု Purchasing Managers’ Index (PMI) စစ်တမ်းက ဆိုပါတယ်။ မြန်မာ့ကုန်ထုတ်လုပ်မှုအညွှန်းကိန်း PMI ဟာ ပြီးခဲ့တဲ့ ၁၅ လအတွင်း အနိမ့်ဆုံးဖြစ်ခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလရဲ့ ၄၂ ဒသမ ၁ ကနေ ၂၀၂၃ ဇန်နဝါရီလမှာ ၄၉ ဒသမ ၆ အထိ ထိုးတက်သွားမှုဟာ အကျဘက်ဦးတည်မှု သိသာစွာအားပျော့သွားတာကို အချက်ပြနေတယ်လို့ ဆိုပါတယ်။

လျှပ်စစ်မီးပြတ်၊ ကုန်ကြမ်းတွေစျေးတက်နေတဲ့ ကာလမျိုးမှာ ကုန်ထုတ်လုပ်မှုညွှန်းကိန်းတွေတက်လာပြီး အော်ဒါတွေအသစ်တက်လာတယ်ဆိုတာကလည်း ကျဆင်းနေတဲ့ မြန်မာ့စီးပွားရေးကဏ္ဍအတွက် တိုးတက်မှုအလင်းရောင် စမြင်လာရတယ်လို့ ပြောရမှာဖြစ်ပြီး ဒီတိုးတက်မှုတွေကြောင့်ပဲ မြန်မာ့စီးပွားရေးဟာ အကောင်းဘက်မှာ ပြန်လည် လည်ပတ်လာတဲ့အခြေအနေကို တွေ့ရပါတယ်။

“ပဋိပက္ခကြားက တိုးတက်တဲ့ မြန်မာ့စီးပွားရေး”

အလုံးစုံပျက်သုဉ်းစေချင်သူတွေ ထိုးနှက်တိုက်ခိုက်နေတဲ့ကြားက မြန်မာ့စီးပွားရေးကဏ္ဍဟာ သုံးရာခိုင်နှုန်းအထိ တိုးတက်မယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းလာပါတယ်။ ထူးထူးခြားခြားပါပဲ။ နိုင်ငံရေးမတည်ငြိမ်မှုရှိပေမဲ့ မြန်မာနိုင်ငံဟာ ၂၀၂၃ ခုနှစ်အတွင်း စီးပွားရေးဖွံဖြိုးတိုးတက်မှုဆက်ရှိနေမယ်လို့လည်း ထိုင်းနိုင်ငံအခြေစိုက် Siam Commercial Bank ရဲ့ စီးပွားရေးစုံစမ်းလေ့လာမှု စင်တာ(SCB EIC) အစီရင်ခံစာမှာလည်း ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့လည်း မြန်မာနိုင်ငံရဲ့ လက်ရှိငွေကြေးမူဝါဒတွေက စည်းကမ်းသတ်မှတ်ချက်တွေကို ကျော်လွှားဆောင်ရွက်နေရတဲ့အတွက် မက်ခရိုစီးပွားရေးကို ထိခိုက်စေပြီး ဒီနည်းလမ်းတွေနဲ့ ဆက်ဖြေရှင်းနေမယ်ဆိုရင် စီးပွားရေးတိုးတက်မှုကို နှောင့်နှေးစေမယ်လို့ ကမ္ဘာ့ဘဏ်က သတိပေးခဲ့ပါတယ်။ ဒီလိုပါပဲ။ မြန်မာနိုင်ငံဟာ နိုင်ငံအတွင်းဖြစ်နေတဲ့ သီးခြားအန္တရာယ်တွေကြောင့် တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်မယ်ဆို စီးပွားရေးဖွံဖြိုးတိုးတက်မှု နှေးကွေးနေပြီး နိုင်ငံရေးမတည်ငြိမ်မှု ဆက်လက်ဖြစ်ပွားနေတာက စီးပွားရေးဖွံဖြိုးတိုးတက်ရေးကို ဆွဲချသလိုဖြစ်နေတဲ့အပြင် ပြည်ပရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု လျော့နည်းနေတာနဲ့ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေ မရေမရာဖြစ်နေတယ်လို့ SCB EIC က သတိပေးခဲ့ပါတယ်။

“အရေးယူမှုတွေကြားက အဆင့်ကျတဲ့ မြန်မာ့အဂတိ”

မြန်မာနိုင်ငံရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဟာ ကမ္ဘာ့အဆင့်မှာ လျော့ကျလာနေတာကို တွေ့ရပါတယ်။ ကမ္ဘာကျော်အဖွဲ့စည်းတစ်ခုဖြစ်တဲ့ Transparency International အဖွဲ့ဟာ ကမ္ဘာတဝှမ်းက နိုင်ငံ ၁၈၀ ရဲ့ အကျင့်ပျက်ခြစားမှု အညွှန်းကိန်းအဆင့်သတ်မှတ်ချက်(CPI)ကို ထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင်ငံက အဆင့် ၁၅၇ မှာ ရပ်တည်ခဲ့ပါတယ်။ အများပြည်သူနဲ့ဆိုင်တဲ့ကဏ္ဍတွေမှာ မြန်မာနိုင်ငံဟာ ရမှတ် ၁၀၀ မှာ ၂၃ မှတ်ပဲရခဲ့တာကြောင့် ၂၀၂၁ ခုနှစ်က ရခဲ့တဲ့ ၂၈ မှတ်ထက် ၅ မှတ် ကျဆင်းခဲ့တာတွေ့ရပြီး ဒီလိုအဆင့်ကျဆင်းမှုဟာ အာဏာထိန်းပြီးနောက်ပိုင်းဖြစ်စဉ်တွေကြောင့်လို့ ဆိုပါတယ်။

တကယ်တော့ အာဏာထိန်းပြီးနောက်ပိုင်းမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဇူလိုင် ၃၁ ရက်အတွင်း ကျပ်ဘီလျံ ၂၆၀ ခန့်နဲ့ အမေရိကန်ဒေါ်လာ ၁၃၃ သိန်းကျော် နစ်နာအောင် လာဘ်စားခဲ့သူတွေကို ထိရောက်စွာအရေးယူခဲ့ရပြီး ဒီအထဲမှာဆိုရင် NLD အစိုးရအဖွဲ့ဝင်ဟောင်းတွေသာမက လက်ရှိ SAC အစိုးရခန့်အပ်တဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း၊ စီးပွားရေးဝန်ကြီးဟောင်း၊ အစိုးရအဖွဲအတွင်းရေးမှုးဟောင်းတို့ကိုလည်း မြေယာကိစ္စကျပ်သိန်းပေါင်းသောင်းချီ လာဘ်စားမှုနဲ့ ထောင်နှစ်ရှည်ချခဲ့ပါတယ်။

ဒီလိုအရေးယူမှုမှာဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်းဆီက တံစိုးလက်ဆောင်ရယူတဲ့ အဂတိမှုကိုးမှု၊ သမ္မတဟောင်းဦးဝင်းမြင့်ရဲ့ အဂတိမှုငါးမှု၊ NLD ပါတီဝင် ဗဟိုအလုပ်အမှုဆောင်ရှစ်ဦးနဲ့ NLD ပါတီဝင်ပြည်နယ်နဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဝန်ကြီးဟောင်း ၂၀၊ ပါတီဝင်ဝန်ကြီးဟောင်းနဲ့ ပါတီဝင်မဟုတ်တဲ့ ဝန်ကြီးဟောင်း ခုနစ်ဦးရဲ့ လာဘ်စားမှုတွေကြောင့် နစ်နာခဲ့တဲ့ ဒေါ်လာ ၁၃ သန်းကျော်နဲ့ ကျပ် ၃၆၁ ဘီလျံကျော်ပါဝင်တယ်လို့လည်း သိရပါတယ်။ ဒီလိုမျိုး အရေးယူနေတဲ့ကြားက အဆင့်တွေကျခဲ့တာကတော့ အံ့ဩစရာဖြစ်ပြီး ဖြစ်နိုင်ချေကတော့ မှားယွင်းဖမ်းဆီးမိသူတွေကို ငွေပေးမှ ပြန်လွှတ်တယ်လို့ သတင်းဆိုးတွေ ပျံ့နှံ့နေတာနဲ့ YP ဆီဆိုင်တွေကို နိုင်ငံတော်က ကျပ်ဘီလျံရာချီ နစ်နာအောင် လက်သိပ်ထိုးပေးခဲ့တဲ့ တာဝန်ရှိသူတစ်ဦးကို လွှတ်ပေးထားတာမျိုး စတဲ့ အခြေအနေတွေကြောင့် အဆင့်ကျတာ ဖြစ်နိုင်ပါတယ်လို့ ရှုမြင်မိကြောင်း တင်ပြရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *