
၂၂. ၈. ၂၀၂၅
Translated by Thettant
ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ရှိ ဆေးရုံအိမ်သာများတွင် လုပ်ဖော်ကိုင်ဘက် ဆရာဝန်အမျိုးသမီးများနှင့် အခြားအမျိုးသမီးရာပေါင်းများစွာကို လျှို့ဝှက်ဗီဒီယိုရိုက်ကူးမှုဖြင့် စွဲချက်တင်ခံထားရသော စင်ကာပူမှ ဆေးပညာသင်ဆရာဝန်တစ်ဦးကို ယခု သောကြာနေ့တွင် အာမခံဖြင့် ပြန်လွှတ်ပေးလိုက်ပြီဖြစ်သည်။
ဗစ်တိုးရီးယားပြည်နယ် တရားရုံးချုပ်တွင် တင်ပြထားသည့် ရဲတပ်ဖွဲ့စာရွက်စာတမ်းများအရ အသက် ၂၈ နှစ်အရွယ်ရှိ ရိုင်ယန် ချိုသည် ၂၀၂၁ ခုနှစ်ကတည်းက ၂၀၂၅ ခုနှစ်အတွင်း မဲလ်ဘုန်းမြို့ရှိ ဆေးရုံသုံးခု၏ ဝန်ထမ်းအိမ်သာများတွင် အမျိုးသမီးဆရာဝန်များ၊ သူနာပြုများနှင့် ဆေးမှူးများကို ဖုန်းဖြင့် လျှို့ဝှက်ရိုက်ကူးခဲ့သည့် ဗီဒီယို ၄,၅၀၀ ကျော်နှင့်ပတ်သက်၍ စွဲချက် ၅၀၀ ခန့်ဖြင့် ရင်ဆိုင်နေရဖွယ်ရှိသည်။

တရားသူကြီး ဂျိမ်းစ် အယ်လီယော့က အဆိုပါ လူငယ်ဆရာဝန်အား မိဘများနှင့်အတူ နေထိုင်ရမည်ဟူသော အခြေအနေဖြင့် အာမခံပေး ပြန်လွှတ်ရန် ဆုံးဖြတ်ခဲ့သည်။ ၎င်း၏မိဘများသည် သားဖြစ်သူ ပြန်လွတ်လာမည်ကို မျှော်လင့်၍ စင်ကာပူမှ မဲလ်ဘုန်းသို့ ပြောင်းရွှေ့လာခြင်းဖြစ်သည်။ မိဘများအနေဖြင့် သားဖြစ်သူ လွတ်မြောက်လာရန် ဩစတြေးလျဒေါ်လာ ၅၀,၀၀၀ (အမေရိကန်ဒေါ်လာ ၃၂,၀၀၀) အာမခံငွေ တင်ရခဲ့သည်။
အစိုးရရှေ့နေ ဟမ်မေးလ်က ချိုသည် အလုပ်မှ ရပ်ဆိုင်းခံထားရခြင်းကြောင့် ဩစတြေးလျနှင့် ခိုင်မာသော ဆက်ဆံရေးများမရှိတော့ဘဲ စွဲချက်များက ၎င်းအား ထွက်ပြေးရန် လှုံ့ဆော်နိုင်သည်ဟု ပြောဆိုကာ အာမခံပေးခြင်းကို ကန့်ကွက်ခဲ့သည်။ ချိုသည် ယခုနှစ် ဧပြီလတွင် ဩစတြေးလျနိုင်ငံ၌ အမြဲတမ်းနေထိုင်ခွင့်ရရှိသူ ဖြစ်လာသော်လည်း ထောင်ဒဏ် ၁၂ လ သို့မဟုတ် ထို့ထက်ပို၍ ချမှတ်ခံရပါက ပြည်နှင်ဒဏ်ခံရနိုင်ကြောင်း ဟမ်မေးလ်က ပြောကြားခဲ့သည်။

တရားသူကြီးက ချိုသည် ၎င်း၏ စင်ကာပူနိုင်ငံကူးလက်မှတ်ကို အပ်နှံထားပြီးဖြစ်ကာ ဩစတြေးလျမှ ထွက်ပြေးရန် ကူညီနိုင်မည့် ရာဇဝတ်မှုဆိုင်ရာ ဆက်နွှယ်မှုများလည်းမရှိကြောင်း ထောက်ပြခဲ့သည်။
ရဲတပ်ဖွဲ့၏ စွပ်စွဲချက်များအရ ချိုသည် အမျိုးသမီး ၄၆၀ ဦး၏ လျှို့ဝှက်ပုံရိပ်များကို ရိုက်ကူးခဲ့သည်ဟု ဆိုသည်။ သို့သော် ထိုရုပ်ပုံများကို ဖြန့်ဝေခဲ့ကြောင်း စွပ်စွဲချက်မရှိဟု တရားသူကြီးက ထောက်ပြသည်။
ချိုသည် ယခုနှစ် ဇူလိုင် ၇ ရက်က Austin ဆေးရုံအိမ်သာ၌ ချိတ်ထားသော ဇာပေါက်ပါအိတ်အတွင်းမှ ဗီဒီယိုရိုက်ကူးနေသည့် ဖုန်းတစ်လုံးကို တွေ့ရှိပြီးနောက် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့က ၎င်းသည် Peter MacCallum ကင်ဆာစင်တာနှင့် Royal Melbourne ဆေးရုံတို့ရှိ အိမ်သာများတွင်လည်း ရိုက်ကူးခဲ့သည်ဟု စွပ်စွဲထားသည်။
ချို၏ရှေ့နေ ဂျူလီယန် မက်မဟွန် (Julian McMahon) က အကယ်၍ အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ပါက သက်သေများကို ဝင်ရောက်စွက်ဖက်နိုင်သည်ဟူသော အစိုးရရှေ့နေ၏ စိုးရိမ်မှုကို ပယ်ချခဲ့သည်။ ဤကဲ့သို့သော ပြစ်မှုမျိုးကို စွပ်စွဲသူ သက်သေများ ရာနှင့်ချီ ရှိနိုင်သောကြောင့် ဖြစ်ကြောင်း မက်မဟွန်က ဆိုသည်။
“ကျွန်တော့်အမှုသည်က သက်သေတွေကို စွက်ဖက်တဲ့ ရာဇဝတ်မှုမျိုး ကျူးလွန်ခဲ့ရင်တောင် အမှုရလဒ်ကို ထိခိုက်စေမှာ မဟုတ်ပါဘူး” ဟု မက်မဟွန်က ပြောကြားခဲ့သည်။
ချိုသည် ကနဦးက စွဲချက် ၆ ချက်ဖြင့် တရားစွဲခံခဲ့ရသော်လည်း ခွင့်ပြုချက်မရှိဘဲ ကိုယ်ရေးကိုယ်တာ ရုပ်ပုံများ ရည်ရွယ်ချက်ရှိရှိ ရိုက်ကူးခြင်းအပါအဝင် စွဲချက် ၁၂၇ ချက်ကို ကြာသပတေးနေ့က ထပ်မံထည့်သွင်းခဲ့သည်။
မက်မဟွန်က အဆိုပါစွပ်စွဲချက်များသည် တရားရုံးသို့ ရောက်၊ မရောက် ပြောရန် စောသေးကြောင်း ပြောကြားခဲ့သည်။ ချိုသည် စွပ်စွဲချက်များအပေါ် အပြစ်ရှိ/မရှိ ထွက်ဆိုခြင်းမရှိသေးပေ။
ချိုသည် ၂၀၁၇ ခုနှစ်တွင် ကျောင်းသားတစ်ဦးအဖြစ် ဩစတြေးလျသို့ ရောက်ရှိလာပြီး မဲလ်ဘုန်းရှိ Monash တက္ကသိုလ်တွင် ဆေးပညာကို လေ့လာခဲ့သူဖြစ်သည်။
Ref , ABC & 9 News
