




၁၄.၈.၂၀၂၅
Written By Thandar
မြန်မာ့ပိုက်ကျော်ခြင်းအားကစား ဖွံ့ဖြိုးတိုးတက်စေရေး၊ မျိုးဆက်သစ်ပိုက်ကျော်ခြင်း အားကစားသမားသစ်များပေါ်ပေါ်စေရေး၊ ပိုက်ကျော်ခြင်းအားကစားနဲ့ နိုင်ငံ့ဂုဏ်ဆောင်နိုင်စေရေးရည်ရွယ်ချက်နဲ့ ရွှေသံလွင်မီဒီယာ ရုပ်သံလိုင်းက ဒုတိယအကြိမ်ကျင်းပတဲ့ “၂၀၂၅ Sky Net ပိုက်ကျော်ခြင်းပြိုင်ပွဲကြီး”ကို လာမယ့် ဩဂုတ် ၁၇ ရက်ကနေ ၂၄ ရက်ထိ ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ ရွှေထွဋ်တင်ဝန်းမှာ ၈ ရက်ကြာ ကျင်းပသွားမှာဖြစ်ပါတယ်။
စုစုပေါင်း ဆုကြေးငွေ ကျပ်သိန်း၂၂၀ အထိ ချီးမြှင့်မယ့်ပိုက်ကျော်ခြင်းပြိုင်ပွဲကြီး စာနယ်ဇင်းမိတ်ဆက်ပွဲကို ယနေ့ ဩဂုတ် ၁၄ ရက် နေ့လယ် ၂ နာရီက ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ ရွှေထွဋ်တင်ဝန်းမှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော်တို့ မြန်မာ့ပိုက်ကျော်ခြင်းအားကစားဖွံဖြိုးတိုးတက်စေရေး၊ မျိုးဆက်သစ်ပိုက်ကျော်ခြင်း အားကစားသမားသစ်များပေါ်ပေါ်စေရေးနဲ့ ပိုက်ကျော်ခြင်းအားကစားက နိုင်ငံ့ဂုဏ်ဆောင်နိုင်စေရေး ရည်ရွယ်ချက်နဲ့ ရွှေသံလွင် မီဒီယာ SkyNet ရုပ်သံလိုင်းက ဒုတိယအကြိမ် စီစဉ်ကျင်းပတဲ့ပွဲဖြစ်ပါတယ်။ ကျွန်တော်တို့ပြိုင်ပွဲမှာတော့ ဆုကြေး လေးယောက်တွဲအသင်းကိုတော့ ကျပ်သိန်း ၁၀၀ အထိ၊ အမျိုးသား၄ ယောက်တွဲ ပထမဆုက သိန်း ၆၀ ဒုတိယဆုက သိန်း ၄၀၊ အမျိုးသား ၃ယောက်တွဲမှာဆိုရင် ပထမဆုက သိန်း ၅၀၊ ဒုတိယဆုက သိန်း ၃၀၊ အမျိုးသမီး ၄ ယောက်အသင်းမှာဆိုရင် ပထမဆုက ကျပ် ၂၅ သိန်း ဒုတိယဆုက ကျပ် ၁၅ သိန်းစုစုပေါင်းကျပ်သိန်း ၂၂၀ အထိချီးမြှင့်ပေးမှာပါ”လို့ SkyNet Production Department က GM ကိုသစ္စာက MT Entertainment ကို ပြောပါတယ်။
အဆိုပါ ပြိုင်ပွဲမှာ နိုင်ငံတကာပိုက်ကျော်ခြင်းပြိုင်ပွဲတွေမှာ ရွှေတံဆိပ် ဆုတံဆိပ်တွေ ဆွတ်ခူးရရှိခဲ့တဲ့ နိုင်ငံ့ဂုဏ်ဆောင်ကစားသမားတွေ၊ လူငယ်ပိုက်ကျော်ခြင်း ကစားသမားတွေပါဝင်ယှဉ် ပြိုင်ကြမှာဖြစ်ပါတယ်။
ဒီပြိုင်ပွဲမှာတော့ အမျိုးသား ၄ ယောက်တွဲ၊ အမျိုးသား ၃ ယောက်တွဲ၊ အမျိုးသမီး ၄ ယောက်တွဲဆိုပြီး ပြိုင်ပွဲအမျိုးအစားသုံးမျိုး ပါဝင်မှာဖြစ်ပါတယ်။
ဒါ့ပြင် ပိုက်ကျော်ခြင်းပြိုင်ပွဲမှာ ပြိုင်ပွဲဝင်အသင်းပေါင်း ၁၈ သင်းပါဝင်မှာဖြစ်ပြီး ပိုက်ကျော်ခြင်းပွဲစဉ်တွေကို Skynet Sports-X ၊ SkyNet Application တွေမှာ ညနေ ၆ နာရီတိုင်းမှာ တိုက်ရိုက်ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။
အခမဲ့ရုပ်သံလိုင်းတွေဖြစ်တဲ့ Channel-9 ရုပ်သံလိုင်းတွေမှာလည်း အုပ်စုပြိုင်ပွဲနဲ့ အုပ်စုပွဲစဉ်တချို့ကို တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။
