
MT News
၁၀. ၈. ၂၀၂၅
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၌ ဩဂုတ်လ ၈ ရက်နေ့က ဆိုင်ကယ်နှင့် လက်စွပ် လုယက်သွားသူ လူငယ်လေးဦးအား လိုက်လံဖမ်းဆီးစဉ် တရားခံများက သမီးရည်းစားစုံတွဲထံမှ ဆိုင်ကယ် ထပ်မံလုယက်နေကြသည့်အချိန်တွင် သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ်လ ၈ ရက်နေ့ နံနက် ၁ဝ နာရီ ၄၅ မိနစ်အချိန်တွင် စဉ့်ကိုင်မြို့နယ်၊ စိုက်ပျိုးရေးကျေးရွာနေ ကိုသန့်ဇင်ဖြိုး(၂၃)နှစ်သည် ကျေးရွာမှ ၎င်းပိုင်ဆိုင်သော MDY-57W/20689 Honda Click ဆိုင်ကယ်ဖြင့် ရွာသာရွာကျေးရွာအနီးရှိ မြလိပ်တောင်ဘုန်းကြီးကျောင်းတွင် ရောက်ရှိနေသော အဘွားဖြစ်သူ ဒေါ်ဆန်းမြင့်အား ခေါ်ဆောင်ရန် ရွာသာရွာကျေးရွာနှင့် စိုက်ပျိုးရေးကျေးရွာသွား တောင်ခြေလမ်းအတိုင်း သွားရောက်စဉ် တောင်ခြေလမ်းအဝင်အရောက် အမည်မသိ အမျိုးသား နှစ်ဦးအား တွေ့ရှိရပြီး ၎င်းတို့အနက် အမျိုးသား တစ်ဦးမှ ကိုသန့်ဇင်ဖြိုး စီးနင်းလာသော ဆိုင်ကယ်၏ ယာဘက် ရှေ့ခေါင်းပိုင်းအား ခြေထောက်ဖြင့်ကန်ရာ ကိုသန့်ဇင်ဖြိုးမှာ အရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ်နှင့်အတူ လဲကျသွားစဉ် တောအတွင်း၌ ပုန်းအောင်းနေသော အမည်မသိ အမျိုးသား နှစ်ဦး ထပ်မံရောက်ရှိလာကာ ၎င်းတို့ လေးဦးမှ ကိုသန့်ဇင်ဖြိုး စီးနင်းလာသည့် တန်ဖိုးငွေ ကျပ်သိန်း ၇၀ ရှိ MDY-57W/20689 Honda Click ဆိုင်ကယ်တစ်စီး၊ တန်ဖိုးငွေ(၁,၀၅၀,၀၀၀)ရှိ ရွှေလက်စွပ်တစ်ကွင်းတို့အား ယူဆောင်၍ ၎င်းတို့ လေးဦး စီးနင်းလာသည့် ဆိုင်ကယ်တစ်စီးနှင့်အတူ စိုက်ပျိုးရေးကျေးရွာဘက်သို့သွားသည့် လမ်းအတိုင်း မောင်းနှင် ထွက်ပြေးသွားခဲ့သည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားမှုအပေါ် ကိုသန့်ဇင်ဖြိုး၏ သတင်းပေးတိုင်တန်းချက်အရ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် အခင်းဖြစ်နေရာအား ရောက်ရှိစစ်ဆေးခြင်း၊ တရားခံများ ထွက်ပြေးသွားရာဘက်သို့ လိုက်လံစုံစမ်းဖော်ထုတ်ခြင်းများ အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ခဲ့ရာ မီးသွေးဘုတ်ကျေးရွာအနီး အရောက်တွင် သမီးရည်းစားစုံတွဲ တစ်တွဲထံမှ ဆိုင်ကယ်အား ထပ်မံလုယက်နေသည်ကို တွေ့ရှိရသဖြင့် အနီးပတ်ဝန်းကျင်ရှိ ပြည်သူများနှင့်အတူ ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ တရားခံ အမျိုးသား တစ်ဦး အမရပူရ မြို့နယ်၊ ဖျောက်ဆိပ်ကုန်းရပ်ကွက်နေ သက်ပိုင်ဦး(ခ)ပိုင်ကြီး(၁၉)နှစ်အား ဖမ်းဆီးရမိခဲ့ပြီး ကျန်အမျိုးသား သုံးဦးမှာ ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ ကျွဲနဖားကျေးရွာအနီးအရောက်တွင် အမရပူရမြို့နယ်၊ တောင်တမန်ကျေးရွာနေ ထိန်လင်းနိုင်(ခ)အာကြီး(၂၆)နှစ် ပြည်ကြီးတံခွန်မြို့ နယ်၊ ငွေတော်ကြည်ကုန်းရပ်ကွက်နေ မျိုးသင်္ခ(ခ)ကုလား(၁၆)နှစ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကြည်ကုန်းရပ်ကွက်နေ ကျော်မိုးမြင့်(၂၃)နှစ်တို့အား ထပ်မံဖမ်းဆီးရမိခဲ့သည်။
ပြစ်မှုကျူးလွန်သူ ထိန်လင်းနိုင်(ခ)အာကြီး (၂၆) နှစ်၊ မျိုးသင်္ခ(ခ)ကုလား(၁၆)နှစ်၊ သက်ပိုင်ဦး (ခ) ပိုင်ကြီး(၁၉)နှစ်နှင့် ကျော်မိုးမြင့်(၂၃)နှစ်တို့အား စဉ့်ကိုင်မြို့ မရဲစခန်း၌ (ပ)၁၁၆-၁၁၇၂ဝ၂၅၊ရာဇသတ်ကြီး ပုဒ်မ ၃၈၂/၁၁၄ ဖြင့် အသီးသီး အမှုဖွင့်စစ်ဆေးလျက်ရှိပြီး ထိရောက်ပြစ်ဒဏ်ရရှိရေးနှင့် အခြားပြစ်မှုများ ဖော်ထုတ်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
