၃၁.၇.၂၀၂၅
Written by Hey Mar
ကျောက်ကျင်းထဲက ရေအိုင်ထဲမှာ အမျိုးသားတစ်ဦးရဲ့ ပုပ်ပွနေတဲ့ ရုပ်အလောင်းတစ်လောင်း ပေါ်လာလို့ လူမှုကူညီရေးအဖွဲ့တွေက သွားရောက်သယ်ဆောင်ပေးခဲ့ရတဲ့ ဖြစ်စဉ် မနေ့က ဇူလိုင် ၃၀ ရက်နေ့ ညနေပိုင်းက ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ လုံးခင်းကျေးရွာအုပ်စုမှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
အဆိုပါရုပ်အလောင်းမှာ တွေ့ရှိရတဲ့ အထောက်အထားတချို့အရ သေသူမှာ ၁၉၈၈ ခုနှစ်ဖွား အသက် ၃၈ နှစ်ဝန်းကျင် ဦးကျော်ဆန်းဦးလို့ သိရှိရပြီး နေရပ်က ကချင်ပြည်နယ်၊ ပင်သာကျေးရွာ၊ မိုးကောင်းမြို့လို့ ပါရှိပါတယ်။ သူ့ရဲ့ ရုပ်အလောင်း ပေါ်လာတဲ့ ကျောက်ကျင်းက လုံးခင်းအုပ်စု၊ အောင်ရာကျေးရွာ၊ ဂန္ဓဝင် ကျောက်ကျင်းထဲက ရေအိုင်လို့ သိရပါတယ်။
လက်ရှိမှာတော့ ရုပ်အလောင်းကို သက်ဆိုင်သူတွေ သိရှိနိုင်ဖို့ လုံးခင်းသုသာန် မီးသဂြိုဟ်စက်အတွင်း ထားရှိထားပြီး သက်ဆိုင်ရာကလည်း သင်္ဂြိုဟ်ဖို့ ခွင့်ပြုချက်ရရှိထားပြီးဖြစ်လို့ ပိုင်ရှင်မပေါ်ပါက ဒီနေ့ ဇူလိုင် ၃၁ ရက်နေ့ ညနေမှာ မြေမြုပ်သင်္ဂြိုဟ်မှာဖြစ်လို့ သေဆုံးသူရဲ့မိဘဆွေမျိုးများသိရှိနိုင်ဖို့အတွက် မိုးကောင်းမြို့ နေထိုင်သူတွေအနေနဲ့ သေဆုံးသူကို သိရှိခဲ့ပါက အကြောင်းကြားပေးနိုင်ဖို့လည်း သင်္ဂဟလူမှုကူညီရေးအသင်းက မေတ္တာရပ်ခံထားပါတယ်။



