ပြည်တွင်းရွှေစျေးကွက်အတွင်း အရောင်းအဝယ်ပြုလုပ်နေမှုကို တွေ့ရစဥ် Photo- Commerce

MT News

Written by Tha Doe

ပြည်တွင်း ရွှေနှင့် ဒေါ်လာစျေး အတက်အကျကြမ်းနေပြီး တစ်ကျပ်သား ကျပ်၂၃ သိန်းခန့်အထိ ကျဆင်းခဲ့သည့် ရွှေစျေးမှာ တစ်ကျပ်သား ကျပ် ၂၇ သိန်းကျော် အထိပြန်တက်ကာ ဒေါ်လာစျေးမှာလည်း ကျပ် ၂၅၀၀ အထိ ကျဆင်းရာမှ ၃၀၀၀ ပတ်လည် အထိပြန်တက်လာခဲ့သည်ဟု အောက်တိုဘာ ၅ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းရွှေနှင့် ဒေါ်လာစျေးကွက်အတွင်းမှ သိရသည်။

ဒေါ်လာတန်ဖိုးမြင့်တက်မှု ၁၄ ရာခိုင်နှုန်းသာရှိသဖြင့် ဈေးကစားသူများနှင့် မီဒီယာများက တစ်ဒေါ်လာ ကျပ် ၅၀၀၀ အထိ ဆွဲခေါ်ခဲ့သည့် ဒေါ်လာဈေးအား ဖြစ်သင့်သည့်နှုန်း အထိကျဆင်းအောင် လုပ်ဆောင်နေဟု ဗဟိုဘဏ် ထုတ်ပြန်ခဲ့သည့် စက်တင်ဘာ ၃၀ ရက်နေ့တွင် ပြည်တွင်းဒေါ်လာစျေးမှာ ကျပ် ၂၆၀၀ နှင့် ကျပ် ၂၈၀၀ အကြား ကျဆင်းခဲ့သလို ပြည်တွင်းရွှေစျေးမှာလည်း ကျပ် ၂၄၆၀၀၀၀ ဝန်းကျင်သို့ ကျဆင်းခဲ့သည်။

ထို့နောက် အောက်တိုဘာ ၁ ရက်တွင် ဒေါ်လာစျေးမှာ ကျပ် ၂၄၅၀ နှင့် ၂၆၈၀ ကြား အရောင်းအဝယ်ဖြစ်လာခဲ့ပြီး ရွှေစျေးမှာလည်း ကျပ် ၂၂၅၀၀၀၀ ခန့်အထိ ဆက်လက်ကျဆင်းခဲ့သည်။ သို့သော် ထိုနေ့တွင်ပင် ကျပ် ၂၄၅၀၀၀၀ ခန့်ဖြင့် ရွှေစျေးပိတ်သွားခဲ့ပြီး ဒေါ်လာစျေးမှာလည်း ကျပ် ၂၆၈၀ နှင့် ၂၇၅၀ အကြား အရောင်းအဝယ်စျေး ပြန်တက်လာခဲ့သည်။ အောက်တိုဘာ ၃ ရက်တွင် ရွှေစျေးမှာ ကျပ် ၂၅ သိန်းနှင့် ၂၅၈၀၀၀၀ အကြား အတက်အကျကြမ်းကြမ်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဒေါ်လာစျေးမှာလည်း ကျပ်၂၈၅၀ နှင့် ၂၉၅၀ အကြား အတက်အကျဖြစ်ပေါ်ခဲ့သည်။ အောက်တိုဘာ ၄ ရက်တွင် ဒေါ်လာစျေးမှာ ကျပ် ၂၈၈၀ နှင့် ၃၀၀၀ အကြား အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း ဒေါ်လာစျေးမှာမူ ကျပ် ၂၅၃၀၀၀၀ နှင့် ကျပ် ၂၆၇၀၀၀၀ အကြား အရောင်းအဝယ်ဖြစ်ပေါ်ခဲ့သည်။

ထို့နောက် အောက်တိုဘာ ၅ ရက်တွင်မူ ကျပ် ၂၆၆၀၀၀၀ ခန့်ဖြင့် စျေးကွက်ဖွင့်ခဲ့ပြီး နေ့လယ်စျေးတွင်မူ ကျပ် ၂၇၉၀၀၀၀ အထိ မြင့်တက်လာကာ ဒေါ်လာစျေးမှာလည်း ကျပ် ၂၉၈၀ နှင့် ၃၁၀၀ အကြား ပြန်လည်ဖြစ်ပေါ်လာခဲ့သည်။ ထို့နောက် ညနေ ၃ နာရီစျေးတွင်မူ အခေါက်ရွှေတစ်ကျပ်သား ၂၇ သိန်းသို့ ပြန်လည်ကျဆင်းပြီး ညနေ ၄ နာရီခွဲတွင်မူ တစ်ကျပ်သား ၂၇၂၀၀၀၀ သို့ ရောက်ရှိကာ ဒေါ်လာစျေးမှာလည်း တစ်ဒေါ်လာ ကျပ် ၂၉၇၀ နှင့် ၃၀၃၀ အကြား ပြန်လည်ကျဆင်းခဲ့သည်။

”ရွှေစျေးက သုံးလေးရက်နဲ့ ငါးသိန်းခြောက်သိန်း အတက်အဆင်းဖြစ်တယ်။ ဒေါ်လာစျေးကလည်း လေးငါးရာ ခုန်ဆင်း၊ ခုန်တက်နဲ့ ရွှေနဲ့ဒေါ်လာစျေးက လှုပ်ခတ်နေတယ်။ ဒီလိုလှုပ်ခတ်နေတော့ ကျသင့်တဲ့ကုန်စျေးနှုန်းကလည်းမကျ၊ အရောင်းအဝယ်တွေကလည်း ခန့်မှန်းမရနဲ့ အကုန်လုံးအဆင်မပြေဖြစ်ကုန်တာပေါ့” ဟု ရွှေနှင့်ဒေါ်လာစျေးကွက် စောင့်ကြည့်သူတစ်ဦးက ပြောသည်။

ပြည်တွင်းရွှေစျေးကွက်အတွင်း အတက်အကျကြမ်းနေသော်လည်း ကျပ် ၂၂၅၀၀၀၀ အထိ ကျဆင်းမှုရှိခဲ့သဖြင့် ကျပ် ငါးသိန်းခန့် ပြန်လည်မြင့်တက်လာချိန်တွင် စျေးပြန်ကျမည်ကို စိုးရိမ်ကာ ရောင်းလိုအား များပြားလာနေသည်ဟုလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *