◾ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ အကြံပေးပုဂ္ဂိုလ်နှင့်လည်း နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်ရေးအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်

၃. ၇. ၂၀၂၅
Written by Thettant
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီး နိုင်ငံခြား ရေးဝန်ကြီးဌာန၊ ဦးသန်းဆွေသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ တရုတ် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီး မစ္စတာလျှိုကျုံးရီအား ယနေ့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက် နေ့လယ် ၂ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ပိုမို တိုးမြှင့်ခိုင်မာစေရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေးအတွက် ဥပဒေရေးရာပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး၊ နယ်စပ်ဒေသတစ်လျောက် အွန်လိုင်းလောင်းကစားနှင့် လိမ်လည်မှုကွန်ရက် များကို တိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံသက်ဆိုင်ရာဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာအသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက်မှုများအပါအဝင် မြန်မာ-တရုတ် -ထိုင်း (၃) နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက် တည်ငြိမ် အေးချမ်းမှုကို ထိန်းသိမ်းမြှင့်တင်ရေးကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးအမြင်ချင်း ဖလှယ်ခဲ့ကြကြောင်းသိရှိရသည်။
ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံသတင်းများတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းမှတစ်ဆင့် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ပြည်နယ်သို့စီးဝင်သော မဲခေါင်မြစ်၏ မြစ်လက်တက် ကော့မြစ်တွင် “ဝ”လက်နက်ကိုင် UWSA က တရုတ်ကုမ္ပဏီများကို ရွှေတူးဖော်ခွင့်ပြုရာမှ ကော့မြစ်အတွင်း အာဆင်းနစ်အဆိပ်သင့်မှုအန္တရာယ်နှင့် ညစ်ညမ်းမှုများဖြစ်နေရသဖြင့် အဆိုပါ အရေးဆွေးနွေးရန် ထိုင်းနိုင်ငံက ကိုယ်စားလှယ်အဖွဲ့ကို ယခုအပတ်အတွင်း နေပြည်တော်သို့ စေလွှတ်မည်ဟု ရေးသားမှုများရှိနေပြီး ထိုင်းနိုင်ငံက စေလွှတ်သည့် ကျွမ်းကျင်အဖွဲ့အရင် တရုတ်နိုင်ငံ၏ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ လက်ထောက်ဝန်ကြီးအဖွဲ့က အရင် တွေ့ဆုံဆွေးနွေးခွင့် ရခဲ့ခြင်းလည်း ဖြစ်သည်။

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ သည် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ အကြံပေးပုဂ္ဂိုလ် မစ္စတာ ဒူစစ် မေနဖန် အား ယနေ့ ညနေ ၄ နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ဆက်လက် လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆက်ဆံရေးကို ပိုမိုမြှင့်တင်သွားရေး၊ နှစ်နိုင်ငံ အကျိုးစီးပွားဖြစ်ထွန်းစေမည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်သွားရေး နှင့် ငလျင်ဒဏ် ကယ်ဆယ်ရေးလုပ်ငန်းများအပြီး ပြန်လည်ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား အရှိန်အဟုန်မြှင့်တင်သွားရေးတို့နှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်ရေးအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ခဲ့ကြပြီး၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု တိုးမြှင့်ရေးနှင့် နှစ်နိုင်ငံအကြား ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ရေး စသည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
