၂၁ .၆ .၂၀၂၅
Written by Hey Mar
ပစ္စည်းဝင်ခိုးတဲ့သူခိုးကို အိမ်ရှင်နိုးလာပြီး လုံးထွေးဖမ်းဆီးရာက သူခိုးက ဓားနဲ့ပြန်ထိုးလို့ အိမ်ရှင်လင်မယားနှစ်ဦး ဓားဒဏ်ရာအများအပြားရရှိကာ ယောက်ျားဖြစ်သူ သေဆုံးခဲ့တဲ့ဖြစ်စဉ် မနေ့က ဇွန်လ ၂၀ ရက်နေ့ သန်းခေါင်ကျော် ၂၁ ရက်ကူးစ အချိန်က ဒဂုံမြို့သစ်တောင်ပိုင်းရှိ သုခဒဂုံအိမ်ယာ (E) Block မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတချို့ထံကနေ သိရပါတယ်။
သက်ဆိုင်ရာတာဝန်ရှိသူတွေက ဓားဒဏ်ရာရရှိထားသူတွေကို ဆေးရုံပို့ဖို့ လူမှုကူညီရေးအသင်းကို ဆက်သွယ်ခေါ်ယူရာ လူမှုကူညီရေးအသင်းရောက်ရှိသွားချိန်မှာ အမျိုးသမီးလူနာကတော့ သွေးထွက်လွန်နေသလို အမျိုးသားလူနာကတော့ ဒဏ်ရာအများအပြားနဲ့ သေဆုံးနေခဲ့ပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။
သေဆုံးသူ အမျိုးသားက ဓားဒဏ်ရာ ၁၉ ချက်ရရှိကာ သေဆုံးခဲ့တာဖြစ်ပြီး နေအိမ်တွင်း ဝင်ခိုးတဲ့ သူခိုးကိုလည်း ရပ်ကွက်က ဝိုင်းဝန်းဖမ်းဆီးလို့ ဖမ်းမိထားပြီး သက်ဆိုင်ရာလက် အပ်နှံထားတယ်လို့လည်း သိရပါတယ်။
သေဆုံးသူနဲ့ ဒဏ်ရာရရှိသူ နှစ်ဦးစလုံးကို ရွှေမေတ္တာလူမှုကူညီရေးအသင်းမှ ယာဉ်နဲ့ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးဆီ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
