
၇. ၆. ၂၀၂၅
Written by Nyein Kyaw
ပြည်တွင်းစပါးဈေး ကျဆင်းနေသဖြင့် လာမည့်မိုးစပါးပေါ်ချိန် ဈေးနှုန်းပြန်ကောင်းလာစေရေး လက်ရှိအချိန်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ ပိုမိုတင်ပို့ကာ ဈေးကွက်ရရှိရေးကို ဆောင်ရွက်ရန်လိုအပ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။
“ဒီအချိန်က ပိုပို့ဖို့လိုတယ်။ ပြည်ပပို့တဲ့ဆန်တွေက ဈေးကျနေတာ။ တောင်သူတွေ အခက်အခဲရှိတယ်။ ဈေးကွက်လျော့နည်း၊ အားနည်းနေတယ်။ ခုနက ပြောသလို အစ်ကိုတို့အနေနဲ့လည်း ဒီမေ၊ ဇွန်၊ ဇူလိုင်မှာ လက်ရှိလာမယ့်ရာသီ မိုးစပါးပေါ်တဲ့အချိန်ပေါ့နော်။ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာမှာ သင့်တင့်ကောင်းမွန်တဲ့ စပါးဈေးဖြစ်ဖို့ဆိုရင် ခုနကပြောသလို ပြည်ပတင်ပို့မှုကို အကူအညီယူမှ ဧည့်မထအုပ်စုစပါးတွေက အဆင်ပြေမှာ” ဟု ဦးရဲမင်းအောင်က ပြောသည်။
ပြည်တွင်း၌ ဧည့်မထဆန်အုပ်စုဝင် ဆန်ကြမ်းအမျိုးအစား စပါးဈေးနှုန်းများ အဓိကကျဆင်းနေခြင်းဖြစ်ပြီး အဆိုပါ စပါးဈေးနှုန်းများသည် ယခင်နှစ်တွင် တင်း ၁၀၀ လျှင် ဈေးနှုန်းအမြင့်ဆုံးအချိန်၌ ကျပ်သိန်း ၂၀ ဝန်းကျင်ရှိခဲ့သော်လည်း လက်ရှိတွင်မူ ကျပ် ၁၆ သိန်းဝန်းကျင်သာရှိကြောင်း သိရသည်။
“ဒီမှာကတော့ ဆန်ကြမ်းအမျိုးအစားဖြစ်တဲ့ ငွေတိုးတို့၊ ရက် ၉၀ စပါးတွေ စိုက်တယ်။ အလယ်အလတ်အမျိုးအစား တောင်ပျံစိုက်တယ်။ ဆန်ကြမ်းက မနှစ်က စပါးဈေးအမြင့်ဆုံးအချိန်မှာ ကျပ်သိန်း ၂၀ လောက်အထိဖြစ်ခဲ့တာ။ အခုဆို ကျပ် ၁၆ သိန်းကျော်ပဲရှိတယ်။ မနှစ်က အလုပ်သမားဈေး၊ ဓာတ်မြေဩဇာနဲ့ကလည်း ဒီနှစ်တူတာမဟုတ်ဘူး။ အကုန်တက်တာဆိုတော့ ဘယ်ကိုက်မလဲ။ တောင်ပျံကတော့ စပါးလည်းမရှိတော့ဘူး။ ဈေးနှုန်းလည်း မသိတော့ဘူး” ဟု ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ လယ်သမားတစ်ဦးက ပြောသည်။
ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ စုစုပေါင်းတန်ချိန် ၃ သန်းဝန်းကျင် တင်ပို့နိုင်ရန်ခန့်မှန်းထားပြီး ဧပြီလတွင် တန်ချိန် ၁၄၀,၀၀၀ ကျော်သာ တင်ပို့နိုင်ခဲ့သော်လည်း မေလတွင် တန်ချိန် ၂၅၉,၅၀၁ တန်အထိ တင်ပို့ထားနိုင်ခဲ့ကြောင်း MRF မှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့ရန် လျာထားချက်ပမာဏ တန်ချိန်နှစ်သန်းခွဲ မပြည့်မီခဲ့ဘဲ တန်ချိန် ၂ ဒသမ ၄၈၇ သန်း (လျာထားချက်၏ ၉၉ ရာခိုင်နှုန်းကျော်)သာ တင်ပို့နိုင်ခဲ့ကြောင်း MRF မှ ထုတ်ပြန်ထားသည့်စာရင်းအရ သိရသည်။
