နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအဟောင်းနဲ့ ဥပဒေသစ်အပေါ် နှိုင်းယှဥ်ချက်

၂၆. ၁. ၂၀၂၃
Written by Phyo Wei

၁။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသစ်ကို အာဏာသုံးရပ်သုံးစွဲခွင့်ရှိနေတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒီနေ့မှာ အတည်ပြုထုတ်ပြန်လိုက်ပြီး အရင်ဥပဒေဟောင်းနဲ့ ဘယ်လောက်ကွာခြားသွားသလဲဆိုတာ နှိုင်းယှဥ်ကြည့်ပါ့မယ်။

နအဖလို့ အများခေါ်ကြတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တဲ့ ၂၀၁၀ ပြည့်နှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ၂၀၁၁ ခုနှစ် ၁၁ လပိုင်း ၄ ရက်မှာတစ်ကြိမ်၊ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၃၀ မှာ တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်ပြင်ဆင်ခဲ့ပြီး အခန်းငါးခန်း၊ ပုဒ်မ ၂၇ ခုပါဝင်ပါတယ်။

လက်ရှိ နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်မှတ်ရေးထိုးထုတ်ပြန်တဲ့ ဥပဒေအသစ်မှာလည်း အခန်းငါးခန်း၊ ပုဒ်မ ၂၇ ခုပဲ ပါဝင်ပေမဲ့ ပုဒ်မခွဲအသစ်တွေ ထပ်တိုးထားသလို နိုင်ငံရေးပါတီတွေနဲ့ပတ်သက်ပြီး တင်းကျပ်မှုတွေ ပြလုပ်ထားတာလည်း တွေ့ရပါတယ်။

၂။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအသစ်မှာဆိုရင် နိုင်ငံရေးပါတီဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို အရင်ကလို စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်နဲ့ အစချီထားတဲ့ ဖွင့်ဆိုချက်ကြီးအစား ရိုးရိုးရှင်းရှင်းတိုတိုပဲ ဤဥပဒေအရ မှတ်ပုံတင်ထားသော နိုင်ငံရေးအဖွဲ့အစည်းကို ဆိုသည်လို့ အတိုချုံးထားပါတယ်။ သာသနာ့ဝန်ထမ်းမှာတော့ ဟိန္ဒူဘာသာဝင်များအတွက် အရင်ဥပဒေဟောင်းမှာ စံယာစီ၊ မဟန့် သို့မဟုတ် ဟိန္ဒူဘာသာဘုန်းတော်ကြီးများလို့ပဲ အဓိပ္ပါယ်ဖွင့်ဆိုရာကနေ “ဂုရု၊ ပဏ္ဍိတ၊ မဟန့်၊ စံညာစီ၊ စံညာစီနီ၊ ဆာဒူး(ဆာဒူးကြီး)၊ ဆာဒ်ဝီ၊ ဆွာမိ၊ ဆွာမိနီအပါအဝင် ဟိန္ဒဘုန်းတော်ကြီးများ”လို့ အကျယ်ဖွင့်ဆိုခဲ့ပါတယ်။

ဒါ့အပြင် အရင်တုန်းက မဖော်ပြခဲ့တဲ့ အစ္စလာမ်ဘာသာကို ထပ်တိုးဖော်ပြခဲ့ပြီး “အစ္စလာမ်ဘာသာဝင်များအတွက်ဖြစ်လျှင် မော်လဝီ သို့မဟုတ် မော်လာနာ၊ ဟာဖိဇ်၊ အီမန်၊ မုဖ်သီ၊ မုဖတ်စိရ်၊ အိုလမာ၊ ပီရ် သို့မဟုတ် မရှာအိခ် အပါအဝင် အစ္စလာမ်ဘာသာသာသနာ့ဝန်ထမ်းများ” လို့ ထပ်တိုးဖော်ပြခဲ့ပါတယ်။

၃။

နိုင်ငံရေးပါတီတွေ တည်ထောင်တာနဲ့ မှတ်ပုံတင်ခြင်း အခန်း (၂) မှာဆိုရင် ပုဒ်မ ၃ နဲ့ ၄ ဟာ အရင်အတိုင်းပေမဲ့ ပုဒ်မ ၅ ပုဒ်မခွဲ (စ) ဟာ အရင်ပုဒ်မဟောင်းမှာ ” ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့်နေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ ကို စည်းရုံးမည်ဖြစ်ကြောင်း ဝန်ခံချက် သို့မဟုတ် တိုင်းဒေသကြီး၊ ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့်နေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၅၀၀ ကို စည်းရုံးမည်ဖြစ်ကြောင်း ဝန်ခံချက်” ဆိုတဲ့အချက်ကို ပြင်ဆင်ရုံသာမက ပုဒ်မခွဲ စ၊ ဆ၊ ဇ အထိ တိုးမြှင့်ကျပ်မတ်ထားပါတယ်။

ဥပဒေအသစ်ရဲ့ ပုဒ်မ ( စ ) မှာ “ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ခွင့်ပြုသည့်နေ့ရက်မှစ၍ ရက်ပေါင်း ၉ဝ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀၀၀ ကို စည်းရုံးမည်ဖြစ်ကြောင်း ဝန်ခံချက် သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခု အတွင်း၌သာ စည်းရုံးမည့်ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် ခွင့်ပြုသည့်နေ့ရက်မှစ၍ ရက်ပေါင်း ၉ဝ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ ကို စည်းရုံးမည်ဖြစ်ကြောင်း ဝန်ခံချက်” ဆိုပြီး စည်းရုံးရမဲ့ ပါတီဝင်အရေအတွက်ကို တိုးမြှင့်လိုက်သလို ပုဒ်မ (ဆ) အဖြစ်လည်း ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ ကိုလည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီရန်ပုံငွေ ကျပ်သိန်း ၁၀၀ ကိုလည်းကောင်း မြန်မာ့စီးပွားရေးဘဏ်တစ်ခုခုတွင် ငွေစာရင်းဖွင့်လှစ်ပြီးကြောင်း အထောက်အထား” လို့ ထပ်မံကန့်သတ်လိုက်တာကို တွေ့ရပါတယ်။

ဒါ့အပြင်လည်း ပုဒ်မ (ဇ ) နဲ့ ထပ်မံတင်းကျပ်ထားပြီး” ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့်နေ့မှစ၍ ရက်ပေါင်း ၁၈၀ အတွင်း ပြည်ထောင်စုတစ်ဝန်းလုံးရှိ မြို့နယ်အားလုံး၏ အနည်းဆုံး ထက်ဝက်၌ ပါတီရုံးခန်းဖွင့်လှစ်မည်ဖြစ်ကြောင်း ဝန်ခံချက် သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့်နေ့မှစ၍ ရက်ပေါင်း ၁၈၀ အတွင်း ထိုတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အတွင်းရှိ မြို့နယ်အားလုံး၏ အနည်းဆုံး ၅ မြို့နယ်၌ ပါတီရုံးခန်း ဖွင့်လှစ်မည်ဖြစ်ကြောင်း ဝန်ခံချက်” ဆိုပြီး တင်းကျပ်ခဲ့တာကြောင့် လက်ရှိ ပြန်လည်မှတ်ပုံတင်တဲ့အချိန်မှာ ပါတီငယ်တော်တော်များများ ရပ်ဆိုင်းသွားနိုင်တာမျိုးဖြစ်လာနိုင်သလို ပါတီအသစ်တွေ ပေါ်ထွလာဖိုလည်း ခဲယဥ်းသွားမှာဖြစ်ပေမဲ့ တိုင်းရင်းသားပါတီတွေ ပေါင်းထားတဲ့ ညွန့်ပေါင်းပါတီတွေတော့ ပေါ်ထွက်လာနိုင်မယ် ယူဆရပါတယ်။

သေချာတာကတော့ အနာဂတ်မှာတော့ လက်ရှိအခြေအနေလို ပါတီရာချီရှိပေမဲ့ ယိနဲ့နဲ့ ပါတီများပြီး ပါတီဥက္ကဋ္ဌဖြစ်ချင်လို့ ထပြီး ပါတီထောင်တာတွေလျော့နည်းသွားမှာဖြစ်ပြီး အားကောင်းမောင်းသန်ပါတီတွေ ပိုများလာမဲ့ အလားအလာကိုတော့ တွေ့မြင်လာရနိုင်ပါတယ်။

အပိုင်း (၂) ကို ဆက်လက်ဖတ်ရှုပါရန်…

Leave a Reply

Your email address will not be published. Required fields are marked *