သက်တံ့
၂၈. ၆. ၂၀၂၆
လာမည့် ဇူလိုင် ၂၁ ရက်နှင့် ၂၂ ရက်နေ့များတွင် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွက် ပြင်ဆင်နေကြစဉ် မြန်မာ့အရေးနှင့် ပတ်သက်၍ အာဆီယံအဖွဲ့ကြီး၏ ချဉ်းကပ်ပုံချဉ်းကပ်နည်းတွင် သိသာထင်ရှားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်နေသည်။
အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အနေဖြင့် “ဘုံသဘောတူညီချက် ၅ ချက်” အပေါ် တရားဝင် ဆက်လက်ဆုပ်ကိုင်ထားဆဲ ဖြစ်သော်လည်း၊ အဖွဲ့ဝင်နိုင်ငံအချို့သည် ၂၀၂၁ ခုနှစ် အာဏာထိန်းသိမ်းမှုနောက်ပိုင်း ကျင့်သုံးခဲ့သော စုပေါင်းဖိအားပေးသည့် မဟာဗျူဟာကို ပြန်လည်သုံးသပ်နေကြပုံရသည်။
၎င်းတို့သည် အဆိုပါ ဘုံသဘောတူညီချက်ကို လုံးဝစွန့်လွှတ်လိုက်ခြင်းမျိုး မဟုတ်ဘဲ၊ ၎င်းကို အကောင်အထည်ဖော်လာစေရန် လှုံ့ဆော်သည့်အနေဖြင့် နေပြည်တော်နှင့် ပိုမိုတိုက်ရိုက် ထိတွေ့ဆက်ဆံဖို့ လိုအပ်နိုင်သည်ဟု အကြောင်းပြ ငြင်းခုံနေကြခြင်း ဖြစ်သည်။
ပြီးခဲ့သည့် မေလက မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်သည် မြန်မာနိုင်ငံသို့ သွားရောက်ကာ မြန်မာအစိုးရသစ်က ခန့်အပ်ထားသော နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး တပ်မတော်၏ ယာယီအပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးရန် တိုက်တွန်းခဲ့သလို ယခုကဲ့သို့ ထိတွေ့ဆက်ဆံမှုကို ပဋိပက္ခလျှော့ချရေးနှင့် ဆွေးနွေးပွဲများဆီသို့ ဦးတည်မည့် လမ်းစတစ်ခုအဖြစ် တင်ပြခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံခြားရေးမူဝါဒဆိုင်ရာ လက်ထောက်အတွင်းဝန်နှင့် အာဆီယံ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး ခေါင်းဆောင် လီယို ဟာရီရာ-လင်းမ် သည်လည်း မကြာသေးမီက နေပြည်တော်၌ ပြုလုပ်ခဲ့သော တိုင်ပင်ဆွေးနွေးပွဲများတွင် ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။
ထို့အတူ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးသည် ဇွန်လ ၈ ရက်နေ့တွင် လည်းကောင်း၊ လာအိုနိုင်ငံခြားရေးဝန်ကြီးသည် ၎င်းနောက် ရက်ပိုင်းအနည်းငယ်အကြာတွင် လည်းကောင်း မြန်မာနိုင်ငံသို့ အသီးသီး သွားရောက်ခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် ထိုင်းနိုင်ငံသည် မြန်မာအစိုးရအပေါ် ပိုမိုလက်တွေ့ကျသော ချဉ်းကပ်မှုမျိုး ကျင့်သုံးရန် ကာလရှည်ကြာကတည်းက တိုက်တွန်းလာခဲ့သူ ဖြစ်နေပြန်သည်။
ဤကဲ့သို့ တစ်နိုင်ငံချင်းစီအလိုက် သွားရောက်ထိတွေ့မှု အနည်းငယ်စီ စီးဆင်းနေခြင်းက နေပြည်တော်နှင့် ဒေသတွင်း ဆက်ဆံရေးကို ပုံစံသစ်တစ်မျိုးဖြင့် ပြန်လည်အသက်သွင်းရန် လမ်းခင်းပေးနိုင်ခြေ ရှိနေသည်။ အနည်းဆုံးအချက်အဖြစ်မူ နည်းဗျူဟာသစ်တစ်ရပ် ထပ်မရှိဘဲ ဘုံသဘောတူညီချက် ၅ ရပ်သည် လက်တွေ့လုပ်ဆောင်ချက်ထက် စာရွက်ပေါ်က စကားလုံးများအဖြစ်သာ ကျန်ရှိနေတော့မည်ဟူသော အမှန်တရားကို လက်ခံလိုက်ကြရသဖြင့်၊ အချို့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် လာမည့်ဆွေးနွေးပွဲများတွင် ပြင်းပြင်းထန်ထန် ဝေဖန်ငြင်းခုံနေရပြီး တရားဝင်မှုအပေါ် သံသယရှိနေသည့် မြန်မာ့အစိုးရသစ်၏ နိုင်ငံခြားဝန်ကြီးအတွက် ဗီဒီယိုစနစ်ဖြင့် တက်ရောက်နိုင်မည့် နေရာတစ်ခု ပေးအပ်ရန် ယခုအခါ လမ်းဖွင့်ပေးထားကြပြီ ဖြစ်သည်။
ယခင်က တက်ရောက်ခွင့်မပေးခဲ့သည့် ဝန်ကြီးအဆင့် အဆင့်မြင့်ကိုယ်စားလှယ်ကို ယခု တက်ရောက်ခွင့်ပေးခြင်းသည် တစ်ကြိမ်တစ်ခါမျှသာ ပေးသော လျှော့ပေါ့မှုလား သို့မဟုတ် ပုံမှန်အခြေအနေအသစ် ဖြစ်လာမလား ဆိုသည်မှာ ရှင်းရှင်းလင်းလင်း မရှိသေးပေ။ သို့သော် ၎င်းက ပြသနေသည်မှာ အာဆီယံအနေဖြင့် “ရွေးကောက်ပွဲအလွန်” မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံရန် အခြားသော နည်းလမ်းပုံစံများကို ရှာဖွေဖို့ရန် လမ်းဖွင့်ထားကြောင်းပင် ဖြစ်သည်။
လက်တွေ့ကျင့်သုံးမှုတွင်လည်း မဟာဗျူဟာအရ မဟုတ်သည့်တိုင်၊ အာဆီယံသည် မြန်မာနိုင်ငံကို ပုံမှန်ပြန်လည်ဆက်ဆံရေးနှင့် အထီးကျန်ဆန်စေရေးတို့ကြားက အလယ်အလတ်လမ်းစဉ်တစ်ခုဆီသို့ ဦးတည်ရွေ့လျားနေပုံရသည်။ ဆိုလိုသည်မှာ စုပေါင်းအဖွဲ့အစည်းအနေဖြင့် တရားဝင် အသိအမှတ်မပြုခြင်းကို ဆက်လက်ထိန်းသိမ်းထားသော်လည်း၊ တစ်နိုင်ငံချင်းစီအလိုက် ထိတွေ့ဆက်ဆံမှုများကိုမူ တိုးမြှင့်နေခြင်း ဖြစ်သည်။ လက်ရှိအခြေအနေကို ဆက်ထားခြင်းဖြင့် ရရှိမည့် အကျိုးအမြတ်များ လျော့နည်းလာခြင်းအပြင်၊ မြန်မာနိုင်ငံက ရုရှား၊ တရုတ် နှင့် မကြာသေးမီက အိန္ဒိယနိုင်ငံတို့နှင့် နိုင်ငံရေး၊ စစ်ဗျူဟာမြောက် ဆက်ဆံရေးများကို တိုးမြှင့်ခိုင်မာအောင် လုပ်ဆောင်လာနေခြင်းကြောင့်၊ အာဆီယံကို မြန်မာနိုင်ငံက ရွေးချယ်စရာ အဖော်အဖက်များထဲမှ ဘေးဖယ်ထားခြင်းခံရမည့်အခြေအနေဖြစ်သွားမည်ကို စိုးရိမ်နေကြခြင်းကလည်း ယခုကဲ့သို့ ပြန်လည်ထိတွေ့ဆက်ဆံရန် တွန်းအားပေးနေသည့် အကြောင်းရင်း ဖြစ်နိုင်သည်။
သို့သော် ဤကဲ့သို့ ထိတွေ့ဆက်ဆံသည့် ပုံစံသည် အာဆီယံ၏ ဗဟိုချက်ချက်ကျမှု (Asean Centrality) အခန်းကဏ္ဍကို အထောက်အကူပြုပါသလား။
အဖွဲ့ဝင်နိုင်ငံများက နေပြည်တော်နှင့် လမ်းကြောင်းများ ပြန်ဖွင့်နေခြင်းအပေါ် စိုးရိမ်နေကြခြင်း မဟုတ်ပါ။ အဓိက စိုးရိမ်ချက်မှာ ဤထိတွေ့ဆက်ဆံမှုများသည် ညှိနှိုင်းထားသော ဒေသတွင်း မဟာဗျူဟာမှတစ်ဆင့် ဖြစ်မလာဘဲ တစ်နိုင်ငံချင်းစီ၏ ကိုယ်ပိုင်အစီအစဉ်များအတိုင်း တိုးပွားလာနေခြင်းကြောင့် ဖြစ်သည်။ ၎င်းကပင် မြန်မာအစိုးရသစ်ကို စုပေါင်းဖိအားပေးမှုအောက်တွင် ရင်ဆိုင်ခဲ့ရသည်ထက် ပိုမိုကြီးမားသော သံတမန်ရေးရာ လိုက်လျောညီထွေ လုပ်ဆောင်နိုင်စွမ်းကို ပေးစွမ်းလိုက်သလို ဖြစ်နေသည်။
ထိုအချက်ကြောင့်ပင် နေပြည်တော်အနေဖြင့် အာဆီယံအဖွဲ့ကြီးတစ်ခုလုံးနှင့် ဆွေးနွေးညှိနှိုင်းရမည့်အစား အဖွဲ့ဝင်နိုင်ငံများကို တစ်နိုင်ငံချင်းစီ ခွဲထုတ်ကာ ၎င်းတို့၏ လတ်တလော စိုးရိမ်ပူပန်မှုများနှင့် ကိုက်ညီမည့် ပူးပေါင်းဆောင်ရွက်မှုမျိုးကို ပုံဖော်ပေးနိုင်ပြီး၊ ပိုမိုတင်းကျပ်သည့် နိုင်ငံရေးကတိကဝတ်များကိုမူ ရှောင်လွှဲသွားနိုင်မည် ဖြစ်သည်။
ထိုအထဲတွင် ထိုင်းနိုင်ငံ၏ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြံတည်ဆောက်မှုသည် ထင်ရှားသော သက်သေပြချက်တစ်ခု ဖြစ်သည်။ ဘန်ကောက်သည် အမျိုးသား ကြက်ခြေနီအသင်းများကို အသုံးချခြင်းဖြင့် အာဆီယံဥက္ကဋ္ဌ၏ အထူးသံတမန်၏ ကြီးကြပ်မှုကို ကျော်ဖြတ်ခဲ့ပြီး ကူညီထောက်ပံ့မှုအသွင်ဖြင့် ဆက်ဆံရေးကို ထိရောက်စွာ ပုံမှန်ပြန်ဖြစ်အောင် လုပ်ဆောင်ခဲ့သည်။ ယခုကဲ့သို့ သံတမန်ရေးရာတွင် မိမိအဆင်ပြေရာ လမ်းကြောင်းကို ရွေးချယ်အသုံးချခြင်း (Forum Shopping) ကြောင့် မြန်မာအစိုးရသစ်သည် ဘုံသဘောတူညီချက် ၅ ရပ်အပေါ် အဓိပ္ပာယ်ရှိသော တိုးတက်မှု ပြသနိုင်ခြင်း အားနည်းနေလျက်ကြားက အာဆီယံဒေသတွင်း လက်ခံမှုကို တဖြည်းဖြည်းချင်း စုဆောင်းရယူသွားနိုင်မည် ဖြစ်သည်။ ထို့ကြောင့် ထိတွေ့ဆက်ဆံမှုသည် နိုင်ငံရေးအရ အဖြေရှာရန် စုပေါင်းကြိုးပမ်းမှု မဟုတ်တော့ဘဲ တစ်နိုင်ငံချင်းစီအလိုက် အကျိုးအမြတ်အတွက် အပြန်အလှန် လဲလှယ်ညှိနှိုင်းမှုများ ဖြစ်သွားမည့် အလားအလာ ရှိနေသည်။
တစ်ချိန်တည်းမှာပင် မြန်မာ့တပ်မတော်သည် ပြင်ပအင်အားစုများကြားက သဘောထားကွဲလွဲမှုများကို အသုံးချပြီး လှုပ်ရှားရုန်းထွက်နိုင်စွမ်းရှိကြောင်း ကာလရှည်ကြာ သက်သေပြခဲ့ပြီး ဖြစ်သည်။ အာဆီယံအနေဖြင့် စုပေါင်းဖိအားပေးမှုမှ တစ်နိုင်ငံချင်းစီအလိုက် ထိတွေ့ဆက်ဆံမှုဆီသို့ ကူးပြောင်းလာပုံရခြင်းသည် မပြည့်စုံသော မဟာဗျူဟာဟောင်းတစ်ခုနေရာတွင် ပို၍ပင် အားနည်းသော မဟာဗျူဟာအသစ်တစ်ခုနှင့် အစားထိုးမိသလို ဖြစ်သွားနိုင်သည်။ ဆိုလိုသည်မှာ ပြိုကွဲနေသော သံတမန်ရေးရာ အခင်းအကျင်းတစ်ခုတွင် မြန်မာအစိုးရသည် အပြန်အလှန်အားဖြင့် မည်သည့်အဓိပ္ပာယ်ရှိသော တာဝန်ဝတ္တရားကိုမျှ လက်ခံရန် မလိုဘဲ ထိတွေ့ဆက်ဆံနိုင်မည့် လမ်းကြောင်းများစွာကို ရရှိသွားခြင်းမျိုး ဖြစ်သည်။ အာဆီယံသည် မိမိ၏ သြဇာလွှမ်းမိုးမှုကို ပြန်လည်ရယူရန် ကြိုးပမ်းရာတွင် ကိုယ်တိုင် ပြန်လည်ရယူလိုသော အင်အားစုစည်းမှုကို မရည်ရွယ်ဘဲ လျော့ပါးသွားစေနိုင်မည်ဖြစ်သည်။
ဤစိန်ခေါ်မှုသည် မြန်မာနိုင်ငံအတွင်း ပြောင်းလဲနေသော ပကတိအခြေအနေများနှင့် ယှဉ်ကြည့်လျှင် ပိုမိုကြီးမားလာသည်။ အာဆီယံ၏ သံတမန်ရေးရာအများစုသည် နေပြည်တော်အပေါ် သြဇာလွှမ်းမိုးနိုင်လျှင် မြန်မာနိုင်ငံတစ်ခုလုံးအပေါ် သြဇာလွှမ်းမိုးနိုင်သည်ဟူသော ယူဆချက်အပေါ် ဆက်လက်အခြေခံနေဆဲ ဖြစ်သည်။ မြန်မာနိုင်ငံတွင် အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ စီမံခန့်ခွဲသည့် ဒေသများတွင် အာဏာဗဟိုချက်များစွာ ကာလရှည်ကြာကတည်းက တည်ရှိနေခဲ့သည်။ ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် ပဋိပက္ခသည် ပထဝီဝင်အနေအထားအရရော နိုင်ငံရေးအရပါ သိသိသာသာ ကျယ်ပြန့်လာခဲ့ပြီး၊ လက်နက်ကိုင်အင်အားစုများ ထိန်းချုပ်ထားသော နယ်မြေများတစ်လျှောက်တွင် အုပ်ချုပ်ရေးဆိုင်ရာ အစီအစဉ်သစ်များ ပေါ်ပေါက်လာမှုကို မြန်ဆန်စေခဲ့သည်။
အခြားတစ်ဖက်တွင်လည်း အာဏာသည် ဗဟိုအစိုးရယန္တရားတစ်ခုတည်း၌ စုစည်းမနေတော့ဘဲ ဒေသအသီးသီးရှိ လက်နက်ကိုင်အင်အားစုများအကြား ပျံ့နှံ့ရောက်ရှိနေသည်ကိုလည်း တွေ့နေရသည်။ အဆိုပါ ဒေသများတွင် အာဏာရအစိုးရနှင့် ကင်းလွတ်ပြီး မိမိတို့ဘာသာ လူထုဝန်ဆောင်မှုပေးခြင်းနှင့် နယ်မြေစီမံခန့်ခွဲခြင်းစသည့် ကိုယ်ပိုင်အုပ်ချုပ်ရေး ပုံစံသစ်များကို အောက်ခြေမှစ၍ တည်ဆောက်လာကြသည်ကိုလည်း တွေ့နေရပြန်သည်။
မြန်မာနိုင်ငံ၏ အနာဂတ် အခြေခံဥပဒေဆိုင်ရာ အခင်းအကျင်းမှာ ပြင်းပြင်းထန်ထန် ငြင်းခုံနေရဆဲ ဖြစ်သော်လည်း မြေပြင်တွင်မူ နိုင်ငံရေးအာဏာ ခွဲဝေမှုများ ဖြစ်ပေါ်နေပြီ ဖြစ်သည်။ နိုင်ငံ၏ ဦးတည်ချက်တွင်လည်း လက်နက်ကိုင်များက ဒေသအချို့ ထိန်းချုပ်ထားသဖြင့် နေပြည်တော်သည် အာဏာဗဟိုချက်များထဲက အကြီးဆုံးတစ်ခုမျှသာ ဖြစ်လာနိုင်သည်ကိုလည်း မြင်နေရသဖြင့် ပိုမိုဗဟိုချုပ်ကိုင်မှုလျှော့ချထားပြီး အင်အားစုစုံလင်သော နိုင်ငံရေးအခင်းအကျင်းဆီသို့ တဖြည်းဖြည်း ဦးတည်လာနေသည့်အသွင်ဖြစ်သည်။ သို့သော်လည်း အာဆီယံ၏ သံတမန်ရေးရာမှာမူ နိုင်ငံအချင်းချင်း ဆက်ဆံရေး (State-to-state relations) အပေါ်၌သာ ဆက်လက်အခြေပြုနေဆဲဖြစ်ရာ၊ နေပြည်တော် (မြန်မာအစိုးရသစ်) ကိုသာ အလွယ်ကူဆုံးနှင့် အကျွမ်းတဝင်အရှိဆုံး ထိတွေ့ဆက်ဆံမှု ဗဟိုချက်အဖြစ် သတ်မှတ်နေသည်။
မြန်မာ့နိုင်ငံရေး ပကတိအခြေအနေသည် အာဆီယံက ၎င်းနှင့် ထိတွေ့ဆက်ဆံရန် ကြိုးပမ်းနေသည့် သံတမန်ရေးရာ မူဘောင်ထက် ပိုမို၍ ဗဟိုချုပ်ကိုင်မှု လျော့နည်းလာနေသည်။ ၎င်းက အခြေခံကျသော အကျပ်အတည်းတစ်ခုကို ဖြစ်စေသည်။ နေပြည်တော်ကိုသာ အဓိကထားပြီး ပြန်လည် ထိတွေ့ဆက်ဆံခြင်းက နိုင်ငံရေးအာဏာကို တစ်ဦးတည်းအပိုင် မချုပ်ကိုင်နိုင်တော့သည့် မြို့တော်တစ်ခုကို ဗဟိုပြု၍ သံတမန်ရေးရာကို ပြန်လည်စုစည်းမိသလို ဖြစ်သွားစေနိုင်သည့်အပြင်၊ မြန်မာနိုင်ငံ၏ အနာဂတ် နိုင်ငံရေးအခင်းအကျင်းဆိုင်ရာ မည်သည့်အဓိပ္ပာယ်ရှိသော ဆွေးနွေးပွဲများအတွက်မဆို အားလုံးပါဝင်ခွင့်ရှိသော ဆွေးနွေးမှုနေရာကို ကျဉ်းမြောင်းသွားစေနိုင်သည့် အန္တရာယ်လည်း ရှိနေသည်။
အာဆီယံ၏ စိန်ခေါ်မှုမှာ မြန်မာနိုင်ငံနှင့် ပြန်လည်ထိတွေ့ဆက်ဆံရန် သက်သက်မျှမဟုတ်ဘဲ၊ ၂၀၂၁ ခုနှစ်နောက်ပိုင်း အခြေခံကျကျ ပြောင်းလဲသွားခဲ့သော မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံရန် ဖြစ်သည်။ ပိုမိုထိန်းညှိထားသော ဒေသတွင်းချဉ်းကပ်မှုနှင့် နိုင်ငံ၏ တဖြည်းဖြည်းပြောင်းလဲနေသော နိုင်ငံရေးအခင်းအကျင်းအရ အာဆီယံ၏ လုပ်ဆောင်ချက်များသည် နေပြည်တော်အတွက် ပိုမိုခိုင်မာသော သံတမန်ရေးရာ အနေအထားကို ဖန်တီးပေးသလို ဖြစ်လာနိုင်မည်ဖြစ်သည်။
(MT News သတင်းစာတိုက်၏ မူအတိုင်း ဆီလျော်သလို ကောက်နုတ်ဖော်ပြသည့် ယခု Asean’s side deals in Myanmar risk missing where the power truly lies ဆောင်းပါးရေးသူ ယူယွန် ဝါဟာယူနင်းရွန် (Yuyun Wahyuningrum) နှင့် ဆာရာ တိုက်တ် (Sarah Teitt) တို့ အနက် ယူယွန် ဝါဟာယူနင်းရွန် သည် ရိုတာဒမ်မြို့၊ ဂျာမူးစ်တက္ကသိုလ်၊ နိုင်ငံတကာလူမှုရေးသိပ္ပံတက္ကသိုလ်မှ ပါရဂူဘွဲ့ သုတေသီတစ်ဦး ဖြစ်သည်။ ဒေါက်တာ ဆာရာ တိုက်တ် သည် ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိမှုဆိုင်ရာ အာရှ-ပစိဖိတ်စင်တာ၏ ညွှန်ကြားရေးမှူးနှင့် ကွင်းစလန်တက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံနှင့် နိုင်ငံတကာလေ့လာရေးကျောင်းမှ ငြိမ်းချမ်းရေးနှင့် ပဋိပက္ခလေ့လာရေးဆိုင်ရာ အကြီးတန်းကထိက ဖြစ်သည်။ ဤဆောင်းပါးကို ISEAS – Yusof Ishak Institute ၏ သုံးသပ်ချက်ဝက်ဘ်ဆိုက်ဖြစ်သော fulcrum.sg တွင် မူလက ပထမဆုံး ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။)
