နေမိုး
၂၄. ၆. ၂၀၂၆
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဖြစ်ပွားခဲ့သည့် ရဲတပ်သားတစ်ဦးကို တပ်မတော်သားအယောင်ဆောင်ကာ ကျားဖောင်ဆီရောင်းစားခဲ့သူသုံးဦးအား ပုဒ်မခြောက်ခုဖြင့် အမှုဖွင့်ထားပြီး ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။
ပြည်တွင်းသတင်းဌာနများ၏ ဖော်ပြချက်မရ ဖြစ်စဥ်မှာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ပြည်နယ်လွှတ်တော်တွင် တာဝန်ကျနေသည့် ရဲတပ်သား ဇော်ဝင်းထွန်းမှာ ဇွန်လ ၁၉ ရက်၊ ညနေ ၄ နာရီခွဲခန့်က နဂါးမောက်စေတီတွင် ဘုရားဖူးပြီး တစ်ယောက်တည်း ထိုင်နေချိန် အမျိုးသား ၃ ဦးက အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သဖြင့် ဇော်ဝင်းထွန်းက ရဲတပ်သားဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း ဖမ်းဆီးသူတစ်ဦးက “စစ်တပ်က ဗိုလ်မှူးကွ”ဟု တုံ့ပြန်ခဲ့ပြီး နားရင်းရိုက်ကာ ဖမ်းခေါ်သွားခဲ့ပြီးနောက် ထိုနေ့ ည ၈ နာရီခန့်အချိန် ကျိုက္ခမီမြို့က ရေလုပ်သားပွဲစား မတင်ဇာလွင်၏ နေအိမ်ကို ပို့ဆောင်ခဲ့ပြီး ငွေကျပ် ၁၂ သိန်း ကြိုတင်တောင်းခံကာ ရောင်းစားခဲ့သည်ဟု ဆိုသည်။
ဇော်ဝင်းထွန်းက သူဟာ ရဲတပ်သားဖြစ်ပြီး ကျားဖောင်မလုပ်နိုင်ကြောင်း ငြင်းဆိုနေသဖြင့် အခြေအနေကို မသင်္ကာသည့် ပွဲစားအမျိုးသမီးက ကျိုက္ခမီရဲစခန်းကို အကြောင်းကြားခဲ့သဖြင့် ရဲတပ်ဖွဲ့က လာရောက်စစ်ဆေးရာ ဇော်လင်းထွန်းမှာ ရဲတပ်သားတစ်ဦးဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီး ရောင်းစားသူ ၃ ဦးကိုပါ ဖမ်းဆီးနိုင်ခဲ့သည်။
တပ်မတော်သားအယောင်ဆောင် ဖမ်းဆီးရမိသူများမှာ မော်လမြိုင်မြို့မှ အသက် ၅၁ နှစ်အရွယ် တင်သန်း၊ ၄၆ နှစ်အရွယ် တင်မင်းထွန်းနှင့် ၃၈ နှစ်အရွယ် ဖြိုးကိုကိုတို့ ဖြစ်ကြပြီး ၎င်းတို့ ၃ ဦးကို ကျိုက္ခမီရဲစခန်းတွင် ထိန်းသိမ်းကာ အမှတ် (၉) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (မော်လမြိုင်) နှင့် ပူးပေါင်းစစ်ဆေးမှု ပြုလုပ်ခဲ့သည်။
ထို့ကြောင့် အဆိုပါ အခြေအနေအပေါ် မွန်ပြည်နယ်အစိုးရအဖွဲ့သို့ မေးမြန်းရာ ရဲတပ်သားဇော်လင်းထွန်းအား တပ်မတော်သားအယောင်ဆောင်၍ မတရားချုပ်နှောင်ခေါ်ဆောင်သူများဖြစ်သော မော်လမြိုင်မြို့နေ တင်သန်း၊ ဖြိုးကိုကို၊ တင်မင်းထွန်းတို့ ၃ ဦးအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေ ပုဒ်မ ၃၆၊ ၄၄ တို့အပြင် ရာဇသတ်ကြီးပုဒ်မ ၁၇၀၊ ၃၃၂၊ ၃၄၂၊ ၁၁၄ တို့ဖြင့် အမှုဖွင့်လှစ်ထားပြီး အယောင်ဆောင်သူများဖြစ်သဖြင့် ထိရောက်စွာအရေးယူရန် လုပ်ဆောင်နေကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်အရ သိရသည်။
