၂၄.၆.၂၀၂၆
Written by Linn Eain
ကချင်ပြည်နယ်၊ မိုးကောင်းမြို့ နန့်ယင်းနှင့် နန့်ကောင်းချောင်းရေ စိုးရိမ်ရေအမှတ်ထက် ၁ ပေကျော်လွန် ရေကြီးနေသဖြင့် ချောင်းကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ ရေဘေးလွတ်ရာနေရာများသို့ ရှောင်ရှားနိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန် ၂၄ ရက်တွင် သတိပေးနှိုးဆော် ထုတ်ပြန်ထားသည်။
မိုးကောင်းမြို့၊ နန့်ယင်းချောင်းရေသည် ယနေ့နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ပေဝက်ကျော် ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၃ လက်မခန့်ကျဆင်းနိုင်ကာ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။
ဆက်လက်၍ မိုးကောင်းမြို့၊ နန့်ကောင်းချောင်းရေသည် ယနေ့နံနက် ၆ နာရီအချိန် တိုင်းထွာချက်အရ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ၁ ပေခန့် ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၃ လက်မခန့်ကျဆင်းနိုင်သော်လည်း စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။
ထို့ကြောင့် မိုးကောင်းမြို့နယ်အတွင်းရှိ ချောင်းကမ်းအနီးနှင့်မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ရှောင်ရှားနိုင်ရန် သတိပေးနှိုးဆော်ထားကြောင်း သိရသည်။
ထို့ပြင် ကချင်ပြည်နယ်အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုနိုင်ရန် မိုး/ဇလ၏ ဇွန် ၂၄ ရက် နံနက် ၇ နာရီ မိုးလေဝသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


