သတိုး
၂၇. ၆. ၂၀၂၆
ပေကျင်းမြို့၏ မြို့လယ်ရှိ အမြင့်ဆုံး မိုးပျံတိုက်ကြီးကို ယမန်နေ့ညနေပိုင်းအချိန် လေယာဉ်ငယ်တစ်စင်း ဝင်တိုက်ကာ ပျက်ကျခဲ့သဖြင့် အဆောက်အအုံ ဘေးဘက်တွင် အပေါက်တစ်ပေါက် ဖြစ်သွားခဲ့ပြီး အောက်ခြေလမ်းမပေါ်သို့ အပိုင်းအစများ လွင့်စင်ကျရောက်ခဲ့သည်။ ဤဖြစ်ရပ်ကြောင့် မြို့တော်၏ အစိုးရရုံးစိုက်ရာ အဆောက်အအုံများနှင့် နီးကပ်လွန်းလှသည့်နေရာတွင် ကြီးမားသော လုံခြုံရေး ပျက်ကွက်မှုတစ်ရပ် ဖြစ်ပွားခဲ့ခြင်း ရှိ၊ မရှိအပေါ် သံသယပွားစရာ ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။
သောကြာနေ့ (ဇွန် ၂၆ ရက်) ညနေ ၆ နာရီခန့်တွင် ပေကျင်းမြို့ ဗဟိုစီးပွားရေးဇုန်ရှိ အထပ် ၁၀၈ ထပ်ပါဝင်သော နိုင်ငံပိုင်လုပ်ငန်းစုကြီးဖြစ်သည့် CITIC တာဝါကို လေယာဥ်ငယ်ဝင်တိုက်မိခဲ့သည့် ဤဖြစ်စဉ်ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိမသွားစေရန် တရုတ် အာဏာပိုင်များက အလျှင်အမြန် ပိတ်ဆို့တားဆီးခဲ့ကြသည်။

စနေနေ့ မွန်းလွဲပိုင်းအထိ တရုတ်အစိုးရတာဝန်ရှိသူများက ဤလေယာဉ်ပျက်ကျမှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်း မရှိသေးပေ။ အစိုးရအင်တာနက် ဆင်ဆာအဖွဲ့များကလည်း တရုတ်အင်တာနက်စာမျက်နှာများပေါ်မှ ဤဖြစ်စဉ်နှင့်ပတ်သက်သည့် ရေးသားဖော်ပြချက်အားလုံးကို လိုက်လံပယ်ဖျက် (Scrubbed) ခဲ့ကြပြီး ပြည်တွင်းမီဒီယာများတွင်လည်း ယင်းဖြစ်ရပ်ကို သတင်းဖော်ပြခြင်း မရှိခဲ့ကြပေ။
တရုတ်နိုင်ငံတွင် ပိတ်ပင်ထားသည့် X (ယခင် Twitter) လူမှုကွန်ရက်ပေါ်၌ တင်ထားသော ဗီဒီယိုမှတ်တမ်းများတွင်မူ မီတာ ၅၂၈ အမြင့်ရှိ CITIC အဆောက်အအုံ၏ အထက်ပိုင်းအထပ်များကို လေယာဉ်ဝင်တိုက်မိပြီးနောက် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ မြင်ကွင်းများကို တွေ့မြင်ခဲ့ရသည်။
လေယာဉ်သည် မှန်ချပ်နှစ်ချပ်ကို ဝင်တိုက် ရိုက်ခွဲကာ အဆောက်အအုံအတွင်းထိ ဝင်ရောက်သွားခဲ့ခြင်းဖြစ်သည်။ လေယာဉ်အစိတ်အပိုင်းများနှင့် အဆောက်အအုံ အပိုင်းအစများ အောက်ခြေလမ်းမပေါ်သို့ လွင့်စင်ပြုတ်ကျနေသည်ကို မြင်တွေ့ရပြီး အခြားဗီဒီယိုတစ်ခုတွင်မူ လေယာဉ်၏ အမြီးပိုင်း အပျက်အစီးများက ရုပ်ပျက်ဆင်းပျက်ဖြစ်ကာ လမ်းမပေါ်၌ ကျန်ရစ်နေသည်ကို တွေ့ရသည်။
ဤဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရမှု သို့မဟုတ် သေဆုံးမှု ရှိ၊ မရှိ၊ လူမည်မျှ ဒဏ်ရာရခဲ့သလဲနှင့် လေယာဉ်ပေါ်တွင် လူမည်မျှ လိုက်ပါသွားသည် ဆိုသည်ကိုမူ တိတိပပ မသိရသေးပေ။

လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းကိုလည်း မသိရသေးပေ။ အထူးသဖြင့် ပြီးခဲ့သည့်လက ပေကျင်းမြို့၏ ဝေဟင်ပိုင်နက် ထိန်းချုပ်မှုများကို အာဏာပိုင်များ ပိုမိုတင်းကျပ်ခဲ့ပြီး အစိုးရခွင့်ပြုချက်မပါဘဲ ဒရုန်း (Drone) များ ပျံသန်းခြင်း သို့မဟုတ် ဝယ်ယူခြင်းကိုပင် ဥပဒေမဲ့အဖြစ် သတ်မှတ်ခဲ့ပြီးနောက်တွင် လေယာဉ်မှူးအနေဖြင့် ပေကျင်းမြို့လယ်ခေါင်အထိ မည်သည့်အတွက်ကြောင့် တစ်စုံတစ်ရာ တားဆီးပိတ်ပင်ခြင်းမရှိဘဲ မောင်းနှင်လာနိုင်သနည်းဟူသော မေးခွန်းများ ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။
”ဒါဟာ နိုင်ငံရေးအရ အရေးပါမှု ရှိလာနိုင်တဲ့ ဖြစ်ရပ်တစ်ခုပါပဲ” ဟု ဆန်ဒီယာဂိုရှိ ကာလီဖိုးနီးယားတက္ကသိုလ်၊ တရုတ်စင်တာ ညွှန်ကြားရေးမှူး ဗစ်တာရှီ (Victor Shih) က X ပေါ်တွင် ရေးသားခဲ့သလို “လေယာဉ်မှူးရဲ့ ရည်ရွယ်ချက်ကို ထည့်မတွက်ထားရင်တောင် ပေကျင်းရဲ့ ဝေဟင်ပိုင်နက်နဲ့ အုပ်ချုပ်သူခေါင်းဆောင်တွေကို ကာကွယ်ရမယ့် လုံခြုံရေးတပ်ဖွဲ့တွေအားလုံး ဘယ်ရောက်နေကြလို့လဲ” ဟု ၎င်းက မေးခွန်းထုတ်သည်။
တရုတ်နိုင်ငံရေးလေ့လာဆန်းစစ်သူ ဘီလ်ဘစ်ရှော့ (Bill Bishop) ကမူ ဤဖြစ်ရပ်ကို ကြီးမားလှသော လုံခြုံရေးဖောက်ဖျက်မှုအဖြစ် ဖော်ပြခဲ့ပြီး “ပေကျင်းရဲ့ လုံခြုံရေးစနစ်တစ်ခုလုံးကို ငလျင်လှုပ်ခတ်သွားစေမယ့်” အခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟု ဆိုသည်။ အဘယ်ကြောင့်ဆိုသော် ဝင်တိုက်မိသည့် မိုးပျံတိုက်ကြီးမှာ CITIC တာဝါ သို့မဟုတ် “China Zun” ဟု လူသိများပြီး တရုတ်နိုင်ငံ၏ အကြီးဆုံး နိုင်ငံပိုင် ဘဏ္ဍာရေး လုပ်ငန်းစုကြီးတစ်ခုဖြစ်သော Citic Group ၏ ရုံးချုပ်ဖြစ်သည်။ ထို့အပြင် တရုတ်ကွန်မြုူနစ်ပါတီလျှို့ဝှက်ရုံးချုပ်နှင့် သမ္မတရှီကျင့်ဖျင်နေထိုင်ရာတို့တည်ရှိရာ ကျုန်းနန်ဟိုင် (Zhongnanhai) နှင့် လေးမိုင်ခန့်အကွာတွင်ရှိနေပြီး စက္ကန့်ပိုင်း၊ မိနစ်ပိုင်းအတွင်း လေယာဥ်ရောက်နိုင်သော နေရာဖြစ်နေခြင်းကြောင့်ဖြစ်သည်။
”နောက်ထပ် စက္ကန့်အနည်းငယ်လောက်သာ ဆက်ပျံသန်းသွားရင် ဒီလေယာဉ်ဟာ ကွန်မြူနစ်ပါတီရဲ့ လျှို့ဝှက်ဌာနချုပ်လည်းဖြစ်၊ သမ္မတ ရှီကျင့်ဖျင်ရဲ့ နေအိမ်လည်းဖြစ်တဲ့ ကျုန်းနန်ဟိုင် (Zhongnanhai) ဆီကို ရောက်သွားနိုင်တယ်” ဟု ဘစ်ရှော့က X ပေါ်တွင် ရေးသားခဲ့သည်။
ပျက်ကျသွားသော လေယာဉ်အပျက်အစီးများ၏ ဓာတ်ပုံများအရ ၎င်းတွင် မှတ်ပုံတင်ကုဒ် B-12PP ဟု ရိုက်နှိပ်ထားသည်ကို တွေ့ရသည်။ Flightradar24 ၏ မှတ်တမ်းများအရ အဆိုပါလေယာဉ်သည် ပြည်တွင်း အထွေထွေလေကြောင်းကုမ္ပဏီတစ်ခုမှ လည်ပတ်နေသော ထိုင်ခုံနှစ်ခုံဆံ့ Sunward SA 60L Aurora အမျိုးအစား လေယာဉ်ငယ်တစ်စင်းဖြစ်ပြီး လေယာဥ်ပေါ်တွင် လေယာဥ်မှူးတစ်ဦးသာပါသလို မတိုက်မိမီ ၎င်း၏ တည်နေရာပြစနစ် (Transponder) ကို ပိတ်ပစ်ခဲ့သည်ဟု သံသယရှိနေကြသည်။
လေယာဉ်ပျက်ကျပြီးပြီးချင်းတွင် ဖြစ်ပွားရာနေရာ၌ ရဲတပ်ဖွဲ့ဝင်အများအပြား ချထားသည်ကို Reuters သတင်းဌာနက ဖော်ပြခဲ့သည်။ အာဏာပိုင်များသည် ပြည်သူများအား ဓာတ်ပုံရိုက်ကူးခွင့် တားမြစ်ခဲ့ပြီး အခြားသူများကိုလည်း ရိုက်ကူးထားသည့် မှတ်တမ်းများကို ဖျက်ပစ်ရန် တောင်းဆိုခဲ့ကြသည်။
အမြန်ချောပို့ဝန်ထမ်းတစ်ဦးက သတင်းဌာနသို့ ပြောကြားရာတွင် ညနေ ၆ နာရီဝန်းကျင်ခန့်၌ ကျယ်လောင်သော အသံကြီးကို ကြားလိုက်ရသဖြင့် အဆောက်အအုံဆီသို့ ပြေးသွားခဲ့ကြောင်း ပြောသည်။ ၎င်းက လေယာဉ်သည် အဆောက်အအုံတွင် တစ်ပိုင်းတစ်စ ညပ်ဝင်နေသည့် ဗီဒီယိုကို ရိုက်ကူးခဲ့သော်လည်း နောက်ပိုင်းတွင် အာဏာပိုင်များ၏ အရေးယူငေါက်ငမ်းခြင်းခံရမည်ကို စိုးရိမ်သဖြင့် ပြန်ဖျက်လိုက်ရသည်ဟု ဆိုသည်။
”အသံက တော်တော်ကျယ်တာ၊ မီးရှူးမီးပန်းတွေထက်တောင် ကျယ်သေးတယ်” ဟု ၎င်းက ရိုက်တာသို့ ပြောပြသည်။
အနီးနားရှိ အဆောက်အအုံတစ်ခုမှ ရုံးဝန်ထမ်းတစ်ဦးကလည်း သူမသည် ညစာစားရန်အသွားတွင် “ဘေးက တိုက်ကို လေယာဉ်ဝင်တိုက်မိတယ်” ဟု တစ်စုံတစ်ယောက်က ပြောသံကြားခဲ့ရကြောင်း ဆိုသည်။

”ဒါနဲ့ ကျွန်မတို့ ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်တော့ လမ်းပေါ်မှာ ရဲကားတွေ၊ လူနာတင်ကားတွေနဲ့ အပြာရောင် ကာဗာစ (တာပေါ်လင်စ) ကြီး အုပ်ထားတာကို တွေ့ရတယ်” ဟု အသက် ၃၉ နှစ်အရွယ် ရှိပြီဖြစ်သော ၎င်းအမျိုးသမီးက ပြောကြားခဲ့သည်။
ဖြစ်စဥ်ဖြစ်ရာ ပေကျင်းမြို့လယ်ခေါင် သို့မဟုတ် တရုတ်ခေါင်းဆောင်များနေထိုင်ရာ ကျုန်းနန်ဟိုင်ဝန်းကျင်သည် ကမ္ဘာပေါ်တွင် လေကြောင်းပျံသန်းမှု ကန့်သတ်ချက် (No-Fly Zone) အတင်းကျပ်ဆုံးနေရာ ဖြစ်သည်။ CITIC Tower သည် ခေါင်းဆောင်များ၏ ခြေကုပ်စခန်းဖြစ်သော ကျုန်းနန်ဟိုင်နှင့် ကီလိုမီတာအနည်းငယ်သာ ကွာဝေးသည့်အပြင် ဖြစ်ပွားမှုသည် လေကြောင်းရန်ကာကွယ်ရေး ဒုတိယပတ်လမ်း (2nd Ring Road) ၏ အပြင်ဘက်နားလေးတွင်သာ ရှိသောကြောင့် ယခုဖြစ်စဉ်သည် တရုတ်အာဏာပိုင်များအတွက် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှု အကြီးအကျယ် ဖြစ်ပွားစေခဲ့သည်။
Ref: Reuters; S M H & Flying Report
