MT News
၂၇. ၆. ၂၀၂၆
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် အောင်ဆန်းအားကစားကွင်းအတွင်းရှိ ဌာနပိုင် အဆောက်အအုံဟောင်းများ ဖျက်သိမ်း၍ လေလံတင်ရောင်းချမည်ဖြစ်ပြီး ထိုသို့ လုပ်ဆောင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် အမျိုးသား အားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် လေလံတင်ရောင်းချရေးကော်မတီဥက္ကဋ္ဌ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီက အမှာစကားပြောကြားပြီး အားကစားနှင့်ကာယပညာဦးစီးဌာန တာဝန်ရှိသူများ၏ အောင်ဆန်းအားကစားပြိုင်ဝင်း၏ သမိုင်းအကျဉ်း၊ တည်နေရာ၊ ဖျက်သိမ်းမည့် အဆောက်အအုံများ၊ လုပ်ငန်းကော်မတီများနှင့် ဆပ်ကော်မတီ ဖွဲ့စည်းထားရှိမှု၊ အဆောက်အအုံဟောင်းများနှင့် အားကစားဆိုင်ရာ အဆောက်အအုံများ စနစ်တကျ လေလံတင်ရောင်းချဖျက်သိမ်းနိုင်ရေး ဆောင်ရွက်ထားရှိမှု၊ ဌာနပိုင်အဆောက်အအုံဟောင်းများ လေလံတင်ရောင်းချနိုင်ရေးနှင့် ဆိုင်ခန်းများ ဖယ်ရှားရှင်းလင်းနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်မှ ၁၉ ရက်အထိ နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်၏ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အတွင်း မြန်မာ – တရုတ် နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာ ၁၈ ခု ရေးထိုးရာတွင် အောင်ဆန်းအားကစားကွင်းသစ် ပြန်လည်တည်ဆောက်ခြင်းစီမံကိန်းဆောင်ရွက်ရန်အတွက် အကူအညီပေး ရေးဆိုင်ရာစာချွန်လွှာ ပါဝင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
