သက်တံ့
၄. ၈. ၂၀၂၆
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ဘန်ကောက်က လက်ခံတွေ့ဆုံရန် ရက်ပိုင်းမျှအလိုတွင် ထိုင်းနိုင်ငံက မြန်မာနိုင်ငံနှင့် ပြန်လည်ထိတွေ့ဆက်ဆံရန် အာဆီယံကို ထပ်မံတိုက်တွန်းလိုက်သည်။
ထိုင်းဝန်ကြီးချုပ် အနုထင် ချာဝီရကွန် (Anutin Charnvirakul) က အင်္ဂါနေ့ (ဩဂုတ် ၄ ရက်) တွင် အင်ဒိုနီးရှားနိုင်ငံ၊ မြို့တော်ဂျကာတာရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ မူဝါဒဆိုင်ရာ မိန့်ခွန်းတို ပြောကြားစဉ် အဆိုပါအချက်ကို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ မိန့်ခွန်းအတွင်း အနုထင်က စစ်ဘေးသင့်နေသည့် မြန်မာနိုင်ငံ၏ အခြေအနေသည် အဖွဲ့ဝင် ၁၁ နိုင်ငံပါ အာဆီယံအဖွဲ့အတွက် ထင်ရှားသော စိန်ခေါ်မှုဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် အာဆီယံ၏ နှစ်ရှည်လများ ကျင့်သုံးခဲ့သော ငြိမ်းချမ်းရေးဆိုင်ရာ တူညီဆန္ဒ (၅) ချက်ကို လမ်းညွှန်မူဘောင်အဖြစ် ဆက်လက်ထားရှိရန် ဘန်ကောက်က သဘောတူထားသော်လည်း မြန်မာနိုင်ငံနှင့် အာဆီယံအဖွဲ့ ပူးပေါင်းဆောင်ရွက်သည့် ပုံစံတွင် အပြောင်းအလဲအချို့ ပြုလုပ်ရန် အနုထင်က အဆိုပြုခဲ့သည်။
“ထိုင်းနိုင်ငံအနေနဲ့ တွေ့ဆုံဆွေးနွေးမှုကို လမ်းဖွင့်ထားပြီး မြေပြင်လက်တွေ့အခြေအနေတွေကို တုံ့ပြန်နိုင်ရုံမက သိသာထင်ရှားတဲ့ တိုးတက်မှုတွေကိုပါ တွန်းအားပေးနိုင်မယ့် အဆင့်လိုက် ပြန်လည်ထိတွေ့ဆက်ဆံရေး ချဉ်းကပ်မှု (Calibrated re-engagement approach) ကို အဆိုပြုခဲ့ပါတယ်” ဟု အနုထင်က ဂျကာတာတွင် ပြောကြားခဲ့သည်။
ယင်းကဲ့သို့ ချဉ်းကပ်ဆောင်ရွက်မှုသည် မှန်ကန်သော လမ်းကြောင်းသို့ ဦးတည်နေကြောင်း၊ ထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီးကော်မတီ (ICRC) တို့ မကြာမီက တွေ့ဆုံဆွေးနွေးခဲ့စဉ်က ဒေါ်အောင်ဆန်းစုကြည်မှာ “ကျန်းမာရေးကောင်းမွန်သည့်ပုံ ပေါ်သည်” ဆိုသည့် အချက်ကို ကိုးကား၍ အနုထင်က ပြောဆိုခဲ့သည်။
“ငြိမ်းချမ်းပြီး တည်ငြိမ်တဲ့ မြန်မာနိုင်ငံဟာ အိမ်နီးချင်းကောင်း ထိုင်းနိုင်ငံရဲ့ အကျိုးစီးပွားအတွက်တင် မကပါဘူး။ အာဆီယံရဲ့ စည်းလုံးညီညွတ်မှုနဲ့ ဒေသတွင်း တည်ငြိမ်ရေးအတွက်ပါ မရှိမဖြစ် လိုအပ်ပါတယ်” ဟု အနုထင်က ထောက်ပြပြောဆိုခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် မဲမသမှုပြုခဲ့သည်ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အရပ်သားအစိုးရအား တပ်မတော်က ဖြုတ်ချခဲ့ပြီးနောက် အာဆီယံသည် မြန်မာနိုင်ငံကို ကင်းကွာအောင် ပစ်ပယ်ထားခဲ့သည်။ ထို့အပြင် အာဆီယံအဖွဲ့သည် အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန်နှင့် ပဋိပက္ခဖြစ်ပွားနေသည့် အဖွဲ့အစည်းများအကြား တွေ့ဆုံဆွေးနွေးကြရန် တောင်းဆိုထားသည့် “တူညီဆန္ဒ (၅) ချက်” ငြိမ်းချမ်းရေးမူဘောင်ကိုပါ ဖော်ဆောင်ခဲ့သည်။
အဆိုပါ မူဘောင်မှာ တိုးတက်မှု နှေးကွေးနေသည့်အပြင် မြန်မာအစိုးရအဖွဲ့၏ ဝေဖန်မှုများနှင့် ကြုံတွေ့ခဲ့ရသော်လည်း အာဆီယံအနေဖြင့် ယင်းမဟာဗျူဟာကို ပြောင်းလဲရန် ရည်ရွယ်ချက်မရှိပေ။ သို့သော် လွှတ်တော်ပေါ်ပေါက်ပြီး တင်မြှောက်လိုက်သည့် ရွေးကောက်ခံအစိုးရအုပ်ချုပ်သော မြန်မာနိုင်ငံနှင့် ဆက်သွယ်ရေးလမ်းကြောင်းများမှာ ပြန်လည်နွေးထွေးလာနေသည်။
ဘန်ကောက်သည် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးတို့အကြား အာဏာထိန်းသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အာဆီယံအတွက် တရားဝင်မဟုတ်သော သီးခြားဆွေးနွေးပွဲများကို မကြာမီက လက်ခံကျင်းပပေးခဲ့သည်။
ယင်းအပြင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံမှ သီးခြားခွဲထွက်နေမှုကို လျှော့ချရန် ဘန်ကောက်က ကြိုးပမ်းနေစဉ် အနုထင်၏ ဖိတ်ကြားချက်အရ ဦးမင်းအောင်လှိုင်သည် ကြာသပတေးနေ့တွင် ထိုင်းနိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။ ၎င်းတို့နှစ်ဦးတွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် အာဆီယံအတွင်း ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးကြလိမ့်မည်ဟု မျှော်လင့်ရသည်။
အနုထင်သည် အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုနှင့် တွေ့ဆုံကာ ဂျကာတာခရီးစဉ်ကို စတင်ခဲ့ခြင်းဖြစ်ပြီး အင်ဒိုနီးရှားခေါင်းဆောင်က ဂျကာတာနှင့် ဘန်ကောက်တို့သည် “မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိရန် အာဆီယံက အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်လာစေရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည်” ဟု ပြောကြားခဲ့သည်။
Ref: Jakarta Globe
