သက်တံ့
၄. ၈. ၂၀၂၆
အာဆီယံ၏ တူညီဆန္ဒ (၅) ချက် (5PC) ကို ပါဝင်သင့်ပါဝင်ထိုက်သူများ အားလုံးပါဝင်သည့် ဆွေးနွေးပွဲများ၊ အကြမ်းဖက်မှုများ ပပျောက်ရေး ကြိုးပမ်းမှုများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုတိုးမြှင့်ပေးအပ်ရေးတို့မှတစ်ဆင့် အကောင်အထည်ဖော်ကာ မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေး ပြန်လည်ရရှိရေးအတွက် အာဆီယံက ဦးဆောင်သည့် ကြိုးပမ်းမှုများကို ဆက်လက်ထောက်ခံသွားမည်ဟု အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့က ဩဂုတ် ၃ ရက် (တနင်္လာနေ့) တွင် ကတိပြုခဲ့ကြသည်။
အဆိုပါ ကတိကဝတ်များကို အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တို (Prabowo Subianto) နှင့် ထိုင်းဝန်ကြီးချုပ် အနုထင် ချာဝီရကွန် (Anutin Charnvirakul) တို့အကြား ဂျကာတာမြို့ရှိ မာဒေးကာနန်းတော် (Merdeka Palace) ၌ ကျင်းပသည့် ဒုတိယအကြိမ်မြောက် ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲအတွင်း ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
“ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ အာဆီယံဖွံ့ဖြိုးတိုးတက်ရေးတို့ရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ အာဆီယံ စည်းလုံးညီညွတ်မှုနဲ့ ဗဟိုချက်ကျမှုကို ထိန်းသိမ်းရေးရဲ့ အရေးပါမှုအပေါ် ကျွန်တော်တို့ ပြန်လည်အတည်ပြုခဲ့ကြပါတယ်” ဟု ပရာဘိုဝိုက ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိရန် အာဆီယံက အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်လာစေရေးအတွက် အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့က ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားကြမည်ဟုလည်း ယင်းက ဆိုသည်။
ဒေသတွင်းကိစ္စရပ်များအပြင် သတင်းအချက်အလက် ပိုမိုမျှဝေခြင်း၊ ပူးတွဲစုံစမ်းစစ်ဆေးခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ ခြေရာခံခြင်းနှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်ခြင်းတို့မှတစ်ဆင့် အွန်လိုင်းလိမ်လည်မှု (Online Scam) ဂိုဏ်းများအပါအဝင် နယ်စပ်ဖြတ်ကျော် ပြစ်မှုများကို ပူးတွဲတိုက်ဖျက်ရေး ကြိုးပမ်းမှုများ တိုးမြှင့်ကာ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်သွားရန်လည်း အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့ သဘောတူညီခဲ့ကြကြောင်း ပရာဘိုဝိုက ပြောကြားခဲ့သည်။
အဆိုပါ သဘောတူညီချက်တွင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်ကွန်ရက်များကို ဖြိုခွဲရန် ရည်ရွယ်သည့် ထောက်လှမ်းရေး အချက်အလက်များ ပိုမိုနီးကပ်စွာ မျှဝေခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ စုံစမ်းစစ်ဆေးခြင်း၊ ပူးတွဲစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခြင်းနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပါဝင်သည်။
“ကြီးထွားလာနေတဲ့ ကမ္ဘာ့မရေရာမှုတွေနဲ့ ပိုမိုရှုပ်ထွေးလာတဲ့ ရိုးရာမဟုတ်သော လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေကြားမှာ အာဆီယံရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းနဲ့ ဆိုင်နီးမှုတို့ကို ပိုမိုခိုင်မာစေဖို့အတွက် အင်ဒိုနီးရှားနဲ့ ထိုင်းတို့ဟာ ဦးဆောင်မှုအခန်းကဏ္ဍကနေ ဆက်လက်ပါဝင်ရမှာ ဖြစ်ပါတယ်” ဟု ပရာဘိုဝိုက ပြောခဲ့သလို “ဒါကြောင့် အွန်လိုင်းလိမ်လည်မှု စစ်ဆင်ရေးတွေကို တိုက်ဖျက်ရေး အပါအဝင် ပုံစံအမျိုးမျိုးနဲ့ ဖြစ်ပေါ်နေတဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို ဖြေရှင်းဖို့အတွက် နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်သွားဖို့ ကျွန်တော်တို့ သဘောတူခဲ့ကြပါတယ်” ဟုလည်း ဆိုသည်။
ထို့အပြင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကြောင့် ထိခိုက်နစ်နာသူများကို ခွဲခြားသတ်မှတ်ခြင်း၊ ကာကွယ်ပေးခြင်းနှင့် ဘေးကင်းလုံခြုံစွာဖြင့် ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်ပို့ခြင်းတို့ကို အရှိန်မြှင့်တင်ရန်အတွက် “နယ်စပ်ဖြတ်ကျော် ညွှန်းပို့မှု လုပ်ငန်းစဉ်” (Transnational Referral Mechanism – TRM) ဖော်ဆောင်ရေးကို ထောက်ခံရန်လည်း အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့ သဘောတူခဲ့ကြသည်။
ယင်းအပြင် အွန်လိုင်းလိမ်လည်မှုဂိုဏ်းများ၏ သားကောင်ဖြစ်ခဲ့ရသည့် အင်ဒိုနီးရှားနိုင်ငံသား ၁,၀၀၀ နီးပါးကို နေရပ်သို့ ပြန်လည်ပို့ဆောင်နိုင်ရန် ကူညီပေးခဲ့သည့် ထိုင်းအစိုးရအား ပရာဘိုဝိုက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် ထိုင်းဝန်ကြီးချုပ် အနုထင်က ထိုင်းနိုင်ငံအနေဖြင့် အင်ဒိုနီးရှားနှင့် ပုံမှန် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ၊ သတင်းအချက်အလက် မျှဝေမှုများနှင့် ရေကြောင်းလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ပြီး ကုန်းရေနှစ်ထွေသွား ဘီးတပ် သံချပ်ကာယာဉ် ၃၆ စီးကို အင်ဒိုနီးရှားသို့ ထောက်ပံ့ပေးရေး အပါအဝင် ကာကွယ်ရေးစက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန်လည်း အဆိုပြုခဲ့သည်။
အထက်ပါ အချက်များအပြင် တရားဥပဒေစိုးမိုးရေး ပိုမိုအားကောင်းစေခြင်း၊ ထောက်လှမ်းရေး အချက်အလက်များ မျှဝေခြင်းနှင့် စွမ်းဆောင်ရည် မြှင့်တင်ခြင်းတို့မှတစ်ဆင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ၊ အထူးသဖြင့် အွန်လိုင်းလိမ်လည်မှုများ၊ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါး ကုန်ကူးမှုများကို တိုက်ဖျက်ရေး ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန်လည်း ၎င်းက အဆိုပြုခဲ့သည်။
“ထိုင်းနိုင်ငံအနေနဲ့ အွန်လိုင်းလိမ်လည်မှု ကွန်ရက်တွေကို တိုက်ဖျက်ဖို့နဲ့ နယ်စပ်ဖြတ်ကျော် တောရိုင်းတိရစ္ဆာန် ကုန်ကူးမှုကို ဖြေရှင်းဖို့အတွက် အာဆီယံအတွင်း ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုတွေကို အားကောင်းစေဖို့လည်း အသင့်ရှိပါတယ်” ဟု အနုထင်က ပြောကြားခဲ့သည်။
အနုထင်သည် ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် ထိုင်းနိုင်ငံ၏ ၃၂ ဦးမြောက် ဝန်ကြီးချုပ်အဖြစ် တာဝန်စတင်ယူခဲ့ပြီးနောက် အင်ဒိုနီးရှားနိုင်ငံသို့ ပထမဆုံးအကြိမ် တရားဝင်ခရီးစဉ်အဖြစ် ဩဂုတ် ၃ ရက် (တနင်္လာနေ့) တွင် ဂျကာတာသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ယင်းခရီးစဉ်သည် ၁၅ နှစ်အတွင်း ထိုင်းဝန်ကြီးချုပ်တစ်ဦး၏ ပထမဆုံး အင်ဒိုနီးရှားခရီးစဉ်လည်း ဖြစ်သည်။
Ref : Bernama
