၂. ၈. ၂၀၂၆
Written by KL
ဂတ်စ်အိုးမှသွယ်တန်းထားသော ပိုက်ယိုစိမ့်ကာ မီးသွေးမီးဖိုနှင့်ထိတွေ့ရာမှ မီးလောင်မှုဖြစ်ပွား၍ လူသုံးဦး မီးလောင်ဒဏ်ရာရမှု သြဂုတ်လ ၁ ရက် ညနေ ၅ နာရီ ၇ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (စ)ရပ်ကွက် သိင်္ဂီလမ်းရှိ အောင်အောင် လက်ဖက်ရည်ဆိုင်တွင် ဖြစ်ပွားခဲ့ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
မီးလောင်မှုမှာ အလျား ၃၅ ပေ၊ ပေ ၄၀ သွပ်မိုး၊ အုတ်ညှပ် ကွန်ကရစ်ခင်း နှစ်ထပ် အဆောက်အအုံ၏ အောက်ထပ်ရှိ ငါးပေပတ်လည် မီးဖိုခန်းတွင် ဖြစ်ပွားခဲ့ပြီး အမျိုးသား သုံးဦး မီးဟပ်ဒဏ်ရာများရရှိခဲ့သည်။
မီးဟပ်ခံရမှုကြောင့် အသက် ၂၂ နှစ်အရွယ် ကိုအောင်ကျော်ဝေတွင် ခြေထောက်နှစ်ဖက်၊ လက်နှစ်ဖက်၊ကျောနှင့် လည်ပင်း၊ မျက်နှာတို့တွင် မီးဟပ်ဒဏ်ရာ၊ အသက် ၄၀ အရွယ် ဦးဝင်းရှိန်ဌေးတွင် ခြေထောက်နှစ်ဖက်၊ ဘယ်ဘက်လက်၊ တင်ပါးနှစ်ဖက်၊ ဝမ်းဗိုက်၊လည်ပင်း၊ မျက်နှာတို့တွင် မီးဟပ်ဒဏ်ရာ ရရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရသည်။
ထို့အပြင် အသက် ၂၆ နှစ်အရွယ် ဦးအောင်ဖြိုးတွင် ခြေထောက်နှစ်ဖက် မီးဟပ်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး ဂတ်စ်အိုးတစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဒဏ်ရာရရှိသူများကို အနီးရှိပြည်သူများက မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
သုံးမိနစ်ခန့်သာကြာမြင့်ပြီး လူ သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့သော မီးလောင်မှုကြောင့် အသက် ၄၄ နှစ်အရွယ် ဒေါ်သက်မာဝင်းကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ဖြင့် မြောက်ဥက္ကလာပမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
