
၂ .၈ .၂၀၂၆
Written by Thiri
အမွှာလို့ ယူဆရတဲ့ အသက် နှစ်လခန့်အရွယ် မိန်းကလေးနဲ့ ယောကျ်ားလေးနှစ်ဦး စွန့်ပစ်ရမှု ဖြစ်စဉ် ဒီနေ့ မနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။
စွန့်ပစ်ခံရတဲ့ နေရာက မြောက်ဒဂုံမြို့နယ်၊ ရာဇာဓိရာဇ်လမ်းနဲ့သဇင်လမ်းထောင့်ရှိ ကြက်ခြေနီရုံးအနီးမှာ ဖြစ်ပြီး ရုံးအဖွဲ့သားတစ်ဦးက စွန့်ပစ်ခံထားရတာကို မြင်တွေ့ ကယ်တင်နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ပုဆိုးပိုင်းလေးတွေနဲ့ ထွေးထားတဲ့ ကလေးငယ်တွေက အသက် (၂) လခန့်ရှိ ကျား (၁) ဦး၊ မ (၁) ဦးတို့ဖြစ်ပြီး အမွှာကလေးငယ်တွေလို့ ယူဆရကြောင်းလည်း မြောက်ဒဂုံမြို့နယ် ကြက်ခြေနီအဖွဲ့က ဆိုပါတယ်။
မြောက်ဒဂုံမြို့နယ် ကြက်ခြေနီအဖွဲ့မှ ကလေးငယ်တွေရဲ့ ကျန်းမာရေးအတွက် တာဝန်ယူကာ မြောက်ဥက္ကလာပဆေးရုံကြီးဆီ ပို့ဆောင်ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ စနစ်တကျ ပေးအပ်ထားကြောင်းလည်း သိရပါတယ်။
ကလေးငယ် နှစ်ဦးရဲ့ မိဘ သို့မဟုတ် ဆွေမျိုးတွေအနေနဲ့ မြောက်ဒဂုံမြို့နယ် ကြက်ခြေနီရုံးဆီ ဆက်သွယ်စုံစမ်းနိုင်ကြောင်း အသိပေးထားပါတယ်။
