၁၆.၇.၂၀၂၆
Written by Linn Eain
မန္တလေး-လားရှိုးရထားလမ်းပိုင်း အဆင့်မြှင့်တင်ပြုပြင်ထိန်းသိမ်းရာတွင် လိုအပ်လျက်ရှိသည့် ကွန်ကရစ်ဇလီဖားများ ထုတ်လုပ်ပေးမည့် သီပေါမြို့ရှိ ကွန်ကရစ်ဇလီဖားစက်ရုံကို ဇူလိုင် ၁၅ ရက်က ပြန်လည် လည်ပတ်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့ရှိ ကွန်ကရစ်ဇလီဖားစက်ရုံ ပြန်လည် လည်ပတ်ခြင်းဖွင့်ပွဲတွင် မြန်မာ့မီးရထား အထွေထွေမန်နေဂျာ(မြို့ပြ)က ကွန်ကရစ်ဇလီဖားစက်ရုံ (သီပေါ)အား ပြန်လည်လည်ပတ်နိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ကွန်ကရစ်ဇလီဖားစက်ရုံ (သီပေါ)မှ ထုတ်လုပ်သည့် ကွန်ကရစ်ဇလီဖားများကို မန္တလေး-လားရှိုးရထားလမ်းပိုင်း အဆင့်မြှင့်တင်ပြုပြင်ထိန်းသိမ်းရာတွင် လိုအပ်လျက်ရှိသည့် လမ်းပိုင်းများ၌ အသုံးပြု၍ ၎င်းရထားလမ်း ပြန်လည်ပြေးဆွဲနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကွန်ကရစ်ဇလီဖားစက်ရုံ ပြန်လည် လည်ပတ်ရေးဖွင့်ပွဲသို့ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊ သီပေါမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ကျောက်မဲခရိုင်နှင့် သီပေါမြို့နယ်ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မန္တလေး-လားရှိုးရထာလမ်းတွင် ရထားများပြန်လည်ပြေးဆွဲလျှင် ဒေသခံပြည်သူများ အဆင်ပြေချောမွေ့စွာ ခရီးသွားလာနိုင်မည်ဖြစ်ပြီး ဒေသထွက် ကုန်ပစ္စည်းများအား ကုန်ကျစရိတ်သက်သာစွာဖြင့် များများနှင့်မြန်မြန် သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
