သက်တံ့
၁၆. ၇. ၂၀၂၆
ယနေ့နံနက် (မြန်မာစံတော်ချိန်) ကစားခဲ့သည့် ကမ္ဘာ့ဖလားဆီမီးဖိုင်နယ် ပွဲစဉ်တွင် လီယွန်နယ် မက်ဆီ၏ ဂိုးဖန်တီးမှု နှစ်ကြိမ်စလုံးမှတစ်ဆင့် အာဂျင်တီးနားအသင်း အနိုင်ရရှိခဲ့ပြီး ကမ္ဘာ့ဖလားချန်ပီယံဆုကို ကာကွယ်နိုင်ရန် ခြေလှမ်းပြင်နိုင်ခဲ့သည်။
အာဂျင်တီးနားအသင်းသည် ပွဲပြီးခါနီး မိနစ်ပိုင်းအလိုတွင် သွင်းဂိုး နှစ်ဂိုးဖြင့် ပွဲကို အလှည့်အပြောင်းလုပ်ကာ အံ့အားသင့်စရာ Comeback ဖြင့် အနိုင်ယူနိုင်ခဲ့ခြင်းဖြစ်သည်။ ပထမဦးစွာ ပွဲကစားချိန် ၈၅ မိနစ်တွင် အန်ဇို ဖာနန်ဒက်စ် (Enzo Fernández) က ခေါင်းတိုက်ကာ ချေပဂိုး သွင်းယူခဲ့ပြီးနောက်၊ အချိန်ပိုအတွင်း လာတာရို မာတီးနက်ဇ် (Lautaro Martínez) က ခေါင်းတိုက်ကာ အနိုင်ဂိုးကို သွင်းယူပေးခဲ့သည်။ ၎င်း သွင်းဂိုး နှစ်ဂိုးစလုံးကို စူပါစတား လီယွန်နယ် မက်ဆီ၏ ဖြတ်တင်ဘောများမှတစ်ဆင့် ဖန်တီးပေးခဲ့ခြင်း ဖြစ်သည်။
ပထမပိုင်းပွဲကစားချိန် အတော်များများတွင် နှစ်ဖက်စလုံး ဂိုးကန်သွင်းရန်ထက် ကာကွယ်ရန်သာ အာရုံစိုက်ခဲ့ကြသည်။ ပွဲစတင်သည့် မိနစ် ၃၀ အတွင်း အာဂျင်တီးနားနှင့် အင်္ဂလန် နှစ်သင်းစလုံး ဂိုးကန်သွင်းမှု တစ်ကြိမ်မျှ မပြုလုပ်နိုင်ခဲ့ကြပေ။ ယင်းမှာ ၁၉၆၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့သည့် နောက်ပိုင်း ပွဲစတင်ချိန်၌ နှစ်ဖက်စလုံး ဂိုးကန်သွင်းခွင့် မရရှိသည့် အကြာဆုံးစံချိန် ဖြစ်လာခဲ့သည်။ ဂိုးကန်သွင်းမှုအစား ပထမပိုင်း ၄၅ မိနစ်အတွင်း အပြန်အလှန် ပြစ်ဒဏ်ကျူးလွန်မှုများသာ ပိုမိုများပြားခဲ့ပြီး ပထမပိုင်း ပြီးဆုံးချိန်အထိ နှစ်သင်းစလုံး ပြစ်ဒဏ်ကျူးလွန်မှု ၁၉ ကြိမ်အထိ ရှိခဲ့သော်လည်း ဂိုးပေါက်တည့်မှု တစ်ကြိမ်မျှ မရှိခဲ့ပေ။
အင်္ဂလန်အသင်းသည် ပွဲကစားချိန် ၅၅ မိနစ်တွင် မော်ဂန် ရော်ဂျာစ် (Morgan Rogers) ၏ အဝေးကန်တင်ဘောမှတစ်ဆင့် အန်သိုနီ ဂေါ်ဒွန် (Anthony Gordon) က ပိတ်သွင်းကာ ဦးဆောင်ဂိုး ရယူပေးခဲ့သည်။
သို့သော်လည်း လက်ကျန် မိနစ် ၃၀ အတွင်း အင်္ဂလန်အသင်းသည် တိုက်စစ်ဆင်ရန်ထက် ခံစစ်အင်အား ဖြည့်တင်းသည့်ဗျူဟာကိုသာ ပြောင်းလဲအသုံးပြုခဲ့သည်။ ယင်းဗျူဟာကြောင့် အာဂျင်တီးနားအသင်း တိုက်စစ်ဆင်ရန် အခွင့်အရေး ရရှိသွားခဲ့ပြီး ၈၅ မိနစ်တွင် ချေပဂိုး သွင်းယူနိုင်ခဲ့သလို၊ ပွဲပိုအချိန် နာကျင်မှုလျော်ကြေး ၉၀+၂ မိနစ်တွင် အင်္ဂလန်ကို အိပ်မက်ဆိုးထပ်ပေးမည့် အနိုင်ဂိုးကို သွင်းယူလိုက်နိုင်သည်။
အာဂျင်တီးနားအသင်းသည် လာမည့် တနင်္ဂနွေနေ့တွင် ကစားမည့် ဗိုလ်လုပွဲ၌ စပိန်အသင်းနှင့် ရင်ဆိုင်ကာ ကမ္ဘာ့ဖလားချန်ပီယံဆုကို ကာကွယ်ရန် ကြိုးပမ်းသွားမည်ဖြစ်သည်။
အင်္ဂလန်အသင်းသည် ၁၉၆၆ ခုနှစ်တွင် ကမ္ဘာ့ဖလား ရရှိခဲ့ပြီးနောက်ပိုင်း ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခြင်း မရှိသေးပေ။ အင်္ဂလန်အသင်းမန်နေဂျာ တောမတ်စ် တူဟယ်လ် (Thomas Tuchel) ကမူ ပွဲအပြီး သောင်းစာရှင်းလင်းပွဲတွင် ဒုတိယပိုင်း ပွဲကစားပုံနှင့် ပတ်သက်၍ ၎င်းအနေဖြင့် နောင်တရစရာမရှိကြောင်းနှင့် အပြောင်းအလဲလုပ်ရန် မရှိကြောင်း ပြောကြားခဲ့သည်။






၅၅ မိနစ်တွင် ဦးဆောင်ဂိုး ရရှိပြီးနောက် အင်္ဂလန်အသင်း တိုက်စစ်မဆင်တော့သည့်အပေါ် မေးခွန်းထုတ်မှုများ ရှိနေသော်လည်း တူဟယ်လ်က ယင်းစိုးရိမ်မှုများကို လျှော့ချပြောဆိုခဲ့သည်။
“လောလောဆယ်တော့ နောင်တမရပါဘူး။ အသင်းက အစွမ်းကုန် ကြိုးစားခဲ့ကြပြီး အနိုင်ရဖို့ လက်တစ်ကမ်းအလိုအထိ နီးစပ်ခဲ့ပါတယ်။ ကျွန်တော်တို့ အကောင်းဆုံးပွဲစဉ်တွေထဲက တစ်ပွဲကို ကစားနိုင်ခဲ့တာပါ။ အသင်းက တောင့်ခံနိုင်ခဲ့ပေမဲ့ အဆုံးသတ်မျဉ်းနားအထိတော့ မသယ်ဆောင်နိုင်ခဲ့ပါဘူး” ဟု တူဟယ်လ်က ဆိုသည်။
ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်တွင် အာဂျင်တီးနားကို ရှုံးနိမ့်ခဲ့ပြီးနောက် အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီ ကိန်း (Harry Kane) ကလည်း ဗိုလ်လုပွဲမတက်နိုင်သည့်အိပ်မက်ဆိုးမှ ဖောက်ထွက်နိုင်ရန် “နီးစပ်နေပြီ” ဖြစ်သော်လည်း ထိပ်ဆုံးအဆင့်သို့ မရောက်သေးကြောင်း Fox ရုပ်သံလိုင်းသို့ ပြောကြားခဲ့သည်။ အင်္ဂလန်အသင်းသည် ၂၀၁၈ ခုနှစ်တွင်လည်း ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သော်လည်း ခရိုအေးရှားကို ရှုံးနိမ့်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ကွာတားဖိုင်နယ်အထိ ရောက်ရှိခဲ့သည်။
”ဒီပြိုင်ပွဲမှာ ကျွန်တော်တို့ ကောင်းမွန်တဲ့ အခိုက်အတန့်တွေနဲ့ ပွဲကောင်းတွေ အများကြီး ရှိခဲ့ပါတယ်၊ ဆီမီးဖိုင်နယ်ကိုလည်း ထပ်တက်နိုင်ခဲ့တယ်။ တံခါးကို လာခေါက်နေပြီလို့ ပြောလို့ရပြီး အောင်မြင်ဖို့ နီးစပ်နေပါပြီ။ ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်မှာ လိုအပ်နေတဲ့ အပိုင်းအစကိုပဲ ရှာဖွေဖို့ လိုအပ်နေတာပါ။ ဒီလိုပြိုင်ပွဲတွေက လူကို အင်မတန် ပင်ပန်းစေပါတယ်။ ကြိုးစားအားထုတ်မှု၊ ဖိအားနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေ အများကြီး လိုအပ်ပြီး ကျွန်တော်တို့ အတူတူရှိခဲ့တဲ့ ၆ ပတ်၊ ၇ ပတ်အတွင်းမှာ ဒါတွေကို အများကြီး ပြသနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဟုတ်ပါတယ်၊ ကျွန်တော်တို့ နောက်ဆုံးအပိုင်းအစတစ်ခုပဲ လိုနေပါသေးတယ်” ဟု ကိန်းက ပြောသည်။
ကမ္ဘာ့ဖလား ဘောလုံးသမိုင်းတွင် အာဂျင်တီးနားနှင့် အင်္ဂလန်တို့၏ ပြိုင်ဆိုင်မှုသည် အလွန်ပြင်းထန်ပြီး၊ ယင်းမှာ ၁၉၈၂ ခုနှစ်က ဖြစ်ပွားခဲ့သည့် ဖော့ကလန်ကျွန်းစု စစ်ပွဲ (Falklands War) ကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံရေး တင်းမာမှုများအပေါ် အခြေခံခဲ့သည်။
ထို့နောက် ၄ နှစ်အကြာ မက္ကဆီကိုနိုင်ငံတွင် ကျင်းပသည့် ၁၉၈၆ ခုနှစ် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်၌ ၎င်းတို့ နှစ်သင်း ထိပ်တိုက်တွေ့ဆုံကြရာတွင် အာဂျင်တီးနား ဘောလုံးဂန္ထဝင် ဒီယေဂို မာရာဒိုနာ (Diego Maradona) ၏ ကမ္ဘာကျော် ဖြစ်ရပ်နှစ်ခု စက္ကန့်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည်။
ပထမဖြစ်ရပ်မှာ ပွဲကစားချိန် ၅၁ မိနစ်တွင် မာရာဒိုနာသည် အင်္ဂလန် ဂိုးသမား ပီတာ ရှီတန် (Peter Shilton) နှင့်အပြိုင် လေထဲတွင် ဘောလုံးကို ခေါင်းတိုက်သယောင်ဖြင့် ၎င်း၏ ဘယ်ဘက်လက်ဖြင့် ပုတ်သွင်းကာ ဂိုးရယူခဲ့သည်။ ယင်းကို ဒိုင်လူကြီးက မမြင်ဘဲ ဂိုးအဖြစ် သတ်မှတ်ခဲ့သဖြင့် အင်္ဂလန်ကစားသမားများ အပြင်းအထန် ကန့်ကွက်ခဲ့ကြသည်။ မာရာဒိုနာက ပွဲအပြီးတွင် ယင်းဂိုးသည် “မာရာဒိုနာ၏ ခေါင်းအနည်းငယ်နှင့် ဘုရားသခင်၏ လက်ဖဝါး အနည်းငယ်ကြောင့် ရခဲ့ခြင်း ဖြစ်သည်” ဟု နာမည်ကျော် ပြောကြားခဲ့သဖြင့် “ဘုရားပေးတဲ့လက် ” ဂိုး (The ‘Hand of God’ Goal) ဟု ကမ္ဘာသိကာ အင်္ဂလန်မှာ မာရာဒိုနာ၏ ကောက်ကျစ်မှုအောက် ပထမအကြိမ် ကျရှုံးခဲ့ရသည်။
သို့သော် ယင်းဖြစ်ရပ်အပြီး ၄ မိနစ်အကြာတွင် မာရာဒိုနာသည် ကွင်းလယ်မှစတင်ကာ အင်္ဂလန်အသင်း ကစားသမား ၅ ဦးနှင့် ဂိုးသမားကိုပါ တစ်ကိုယ်တော် ဆွဲပြေး လိမ်ခေါက်ကျော်ဖြတ်ပြီး ဒုတိယဂိုးကို အံ့မခန်း သွင်းယူခဲ့သည်။ ယင်းဂိုးကို ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် အကောင်းဆုံးဂိုးအဖြစ် သတ်မှတ်ခဲ့ကြသဖြင့် အင်္ဂလန်၏ နစ်နာမှုမှာ မှေးမှိန်ခဲ့ရသလို အဆိုပါပွဲတွင် အာဂျင်တီးနားက အင်္ဂလန်ကို ၂-၁ ဖြင့် အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲအပြီးတွင် ကမ္ဘာ့ဖလား ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သည်။ အင်္ဂလန်နိုင်ငံသားများနှင့် ပရိသတ်များအတွက်မူ မာရာဒိုနာ၏ လက်ဖြင့်ပုတ်သွင်းသည့် ဂိုးမှာ ယနေ့တိုင် မေ့ဖျောက်၍မရသည့် နာကျင်စရာ သမိုင်းတစ်ခု ဖြစ်ခဲ့ရသည်။
ထို့ကြောင့် ယခု ၂၀၂၆ ခုနှစ် ဆီမီးဖိုင်နယ်တွင် အင်္ဂလန်အသင်းသည် ၅၅ မိနစ်တွင် အန်တိုနီ ဂေါ်ဒွန်၏ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့စဉ်က ၁၉၈၆ သမိုင်းအတွက် လက်စားချေရန် အခွင့်အရေး အလွန်နီးစပ်ခဲ့သော်လည်း၊ ပွဲပြီးခါနီးတွင် အာဂျင်တီးနား၏ နောက်တစ်ကြိမ် ပြန်လည်အနိုင်ယူမှု (Comeback) ကြောင့် ဗိုလ်လုပွဲနှင့် ဝေးကွာခဲ့ရပြန်ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ၁၉၅၈ နှင့် ၁၉၆၂ ခုနှစ်တွင် ဘရာဇီးအသင်း နှစ်ကြိမ်ဆက်တိုက် ချန်ပီယံဖြစ်ခဲ့ပြီးနောက်ပိုင်း ကမ္ဘာ့ဖလားကို နှစ်ကြိမ်ဆက် ရယူနိုင်သည့်အသင်း မရှိသေးပေ။ ထိုစဉ်က ဘရာဇီးအသင်းတွင် ကမ္ဘာကျော် ဘောလုံးဂန္ထဝင် ပီလီ (Pelé) ရှိခဲ့သည်။ ယခု အာဂျင်တီးနားအသင်းတွင်လည်း ၎င်းတို့၏ ကိုယ်ပိုင်ဘောလုံးဂန္ထဝင် မက်ဆီရှိနေပြီး ၆၄ နှစ်အကြာတွင် ယင်းစံချိန်ကို လိုက်မီရန် ကြိုးပမ်းနိုင်တော့မည် ဖြစ်သည်။
ရွှေဖိနပ်ဆု ပြိုင်ဆိုင်မှုတွင် ကီလီယန် အမ်ဘာပေ (Kylian Mbappé) နှင့်အတူ ခုနစ်ဂိုးစီဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေသည့် မက်ဆီသည် ယနေ့ပွဲတွင် ကိုယ်တိုင်ဂိုးမသွင်းနိုင်ခဲ့သော်လည်း ၎င်း၏အသင်း သွင်းယူခဲ့သည့် ဂိုးနှစ်ဂိုးစလုံးတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့သဖြင့် ဗိုလ်လုပွဲတွင် ဂိုးမသွင်းနိုင်တော့လျှင်ပင် ကမ္ဘာ့ဖလားအကောင်းဆုံးကစားသမား (ရွှေဘောလုံးဆု) ကို ဂိုးဖန်တီးမှုအသာဖြင့် ထပ်မံရရှိရန် အခွင့်အလမ်းများစွာ သာလွန်သွားခဲ့ပြီဖြစ်သည်။
သို့သော် အမ်ဘာပေသည်လည်း တတိယနေရာလုပွဲကို အင်္ဂလန်နှင့် ဆင်နွှဲရဦးမည်ဖြစ်သဖြင့် လက်ကျန်တစ်ပွဲစီတွင် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးကာ မက်ဆီကို ကျော်တက်ရန် အခွင့်အလမ်းများစွာရှိနေပြန်သည်။
Ref: NBC
