သတိုး
၁၀. ၇. ၂၀၂၆
အမျိုးသားစာပေဆု သုံးဆုရှင် နာမည်ကျော်စာရေးဆရာမကြီး ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) သည် အသက် ၈၆ နှစ်အရွယ် ယနေ့နံနက် ၇ နာရီအချိန်တွင် လူကြီးရောဂါဖြင့် ဘဝတစ်ပါးသို့ ကူးပြောင်း ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။
ထင်ရှားကျော်ကြားသော မြန်မာအမျိုးသမီး စာရေးဆရာမကြီးတစ်ဦးဖြစ်သည့်အပြင် ပါမောက္ခတစ်ဦးလည်း ဖြစ်ပြီး ရန်ကုန်ပညာရေးတက္ကသိုလ်၊ သင်ပြနည်းပညာဌာနတွင် သမိုင်းပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဒေါက်တာမတင်ဝင်းသည် သမိုင်း၊ နိုင်ငံရေး၊ လူငယ်ရေးရာနှင့် စိတ်ခွန်အားဖြည့်စာပေ အများအပြားကို ရေးသားခဲ့သည်။
ထိုသို့ နိုင်ငံ့အကျိုးပြုစာပေများစွာရေးသားခဲ့သူ ဒေါက်တာမတင်ဝင်းသည် ၂၀၀၁ ခုနှစ်တွင် “ကုန်းဘောင်ကိုဆန်၍” စာအုပ်ဖြင့် အမျိုးသားစာပေဆု ရရှိခဲ့သလို ၂၀၀၃ ခုနှစ်တွင် “အာရှနိုင်ငံများကို ဖဲ့ယူသိမ်းယူခဲ့ကြသည့် နယ်ချဲ့များ” စာအုပ်ဖြင့် အမျိုးသားစာပေဆု ထပ်မံရရှိခဲ့သလို ၂၀၀၄ ခုနှစ်တွင်လည်း “မင်းယောကျ်ားတို့၏ စကားရာဇဝင်”ဖြင့် အမျိုးသားစာပေဆု ရရှိခဲ့သည်။ ထို့အပြင် ဆရာမကြီးသည် ၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုနှင့် အလင်္ကာကျော်စွာဘွဲ့ကို ရရှိခဲ့သည်။
ဒေါက်တာမတင်ဝင်း၏ အခြားသော ထင်ရှားအောင်မြင်ခဲ့သည့် စာမွန်များမှာ နိုင်ငံတကာစစ်မီးလျံများ၏ သမိုင်းအစ၊ သားနှင့်မိဘ၊ အလုပ်ဖြင့်ဘဝကို တည်ဆောက်ခြင်း၊ ရာဇဝင်ထဲက မိန်းမသား၊ မင်းကျန်စစ်ကို ချစ်တဲ့သူများ၊ ချစ်သူမုန်းသူများသည့် ကျော်ကြားသူများ၊ လူငယ်များနှင့် စကားပြောခြင်း၊ ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးခြင်း၊ အောင်ရာအောင်ကြောင်း ကောင်းသည့်စကားများ၊ မိမိကိုယ်ကိုသတ်သေသူများ စသည့်စာအုပ်များမှာ စာဖတ်ပရိသတ်များ နှစ်ခြိုက်ခဲ့ကြသည်။
နာမည်ကျော်စာရေးဆရာမကြီး ဒေါက်တာမတင်ဝင်း၏ စျာပနကို ဇူလိုင် ၁၂ ရက်တွင် ပြုလုပ်ရန်စီစဥ်နေသည်ဟုလည်း ကနဦး သိရသည်။ (Photo – Credit)




