၂.၇.၂၀၂၆
Written by Nay Yaung Lin
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၏ ရှိပြီးသားဖြစ်သည့် အရည်အချင်းများ ပိုမိုတောက်ပြောင်လာရန်အတွက် ပညာရှင်များကို ဖိတ်ကြား၍ ပို့ချရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးဌေးအောင်က “ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” တွင် အဖွင့်အမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရည်အသွေးမြှင့်တင်ရေးအစီအစဉ်(၄)(Yangon Region Hluttaw Capacity Program-4) အရ ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ(Leadership & Management Workshop) အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ပတ္တမြားခန်းမတွင် ယနေ့ ဇူလိုင် ၂ ရက်၊ နံနက် ၉ နာရီတွင် စတင်ပြုလုပ်ခဲ့သည်။


ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးဌေးအောင်က “ဒီသင်တန်းရဲ့ အဖွင့်မှာ ကျွန်တော်တို့ မင်္ဂလာရှိတယ်လို့ ပြောကြားရင်းနဲ့ပဲ အထူးသဖြင့် ကျွန်တော်က အမှာစကားထက် ကျေးဇူးတင်စကားပဲ ဖြစ်ပါတယ်။ ကျေးဇူးတင်စကားဆိုတာ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း ကျွန်တော် ကျေးဇူးတင်ပါတယ်။ ဘာလိုလဲဆိုတော့ မနားရသေးဘူး။ လွှတ်တော်ပြီးလို့လည်း မနားရသေးဘူး။ သင်တန်းဆိုပြီးတော့ ခေါ်ပြန်ပြီလို့ ကျွန်တော့်ပေါ် အပြစ်တင်မှာလည်း စိုးရိမ်မိပါတယ်။ ဒါပေမဲ့ ကျွန်တော်ကြတော့လည်း စောစောက ပြောသလို ကျွန်တော်က ဒီ(လွှတ်တော်)အတွင်းသဏ္ဍာန်ပိုင်းတွေ ဆောင်ရွက်လိုရနိုင်ပေမဲ့ အနှစ်သာရပိုင်းမှာ ရှိပြီးသားဖြစ်တဲ့ အရည်အချင်းတွေကို ပိုမို တောက်ပြောင်လာအောင် လုပ်ဖိုအတွက် ဒီနေ့ဟာ ကျွန်တော်တို့ရဲ့ ဆရာကြီး၊ ပညာရှင်ကြီးတွေကို ဖိတ်ကြားပြီးတော့ ဒီ Lecture တွေ ပို့ချပေးရခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လို ဒီနေ့ မင်္ဂလာရှိတဲ့နေ့မှာ လာရောက်ပေးတဲ့ ဆရာကြီးရော၊ ကျွန်တော်တို့ ဒီ ဒုဥက္ကဋ္ဌကြီး အမှူးပြုတဲ့ ကော်မတီအသီးသီးက ဥက္ကဋ္ဌများနှင့် လွှတ်တော်ကိုယ်စားလှယ်များအားလုံး မင်္ဂလာပါလို့ ကျွန်တော်နှုတ်ဆက်ပါတယ်။ စိတ်ထဲကလည်း အင်မတန် ကျေနပ်မိပါတယ်။ ဒီနေ့ ဒီအခမ်းအနားလေး ဖြစ်မြောက်လာတာ” ဟု ပြောကြားခဲ့သည်။
ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ(Leadership & Management Workshop)ကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များအတွက် ပြုလုပ်ခြင်းဖြစ်ပြီး အရပ်သားတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သားတိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁၂၃ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။


ထို့နောက် အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုးက အမှာစကား ပြောကြားခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲတွင် လာရောက်ဟောပြောပို့ချသည့် PIU College မှ Honorable Professor ဝဏ္ဏကျော်ထင် ဒေါက်တာမောင်မောင်သိမ်း က မိတ်ဆက်စကားပြောကြားခဲ့သည်။
ယင်းနောက် PIU College Chief Executive Officer (CEO) ဦးလင်းမြတ်ကိုက ဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြပြီးနောက် ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်ခဲ့ရာ PIU College မှ Honorable Professor များဖြစ်ကြသည့် ဝဏ္ဏကျော်ထင် ဒေါက်တာမောင်မောင်သိမ်းက How to Be A Leader(Leadership) ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါက်တာသောင်းဌေးက Nation Building & State Building ခေါင်းစဉ်ဖြင့်လည်းကောင်း၊ PIU College/NMA College ၏ ကျောင်းအုပ်ကြီး ပရော်ဖက်ဆာ ဒေါက်တာစိုးသူက Management Skills For Policy Makers ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြောင်း သိရသည်။





