၁၀. ၇. ၂၀၂၄
Written by Ye Kyaw

MPT ၏ 5G ကွန်ရက်အား နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ရှိ နေရာ ၄ ခုတွင် သုံးစွဲသူပြည်သူများ လာရောက်စမ်းသပ် အသုံးပြုနိုင်ကြောင်းနှင့် လက်ရှိတွင် MPT မှ စီစဉ်ပေးထားသည့် ဖုန်းများဖြင့်သာ စမ်းသပ်နိုင်သော်လည်း နောက်ပိုင်းအစီအစဉ်များတွင် စမ်းသပ်အသုံးပြုမည့်သူ၏ ကိုယ်ပိုင်ဖုန်းများဖြင့်ပါ အသုံးပြုနိုင်ရန် စီစဉ်ထားကြောင်း ယနေ့တွင် ပြုလုပ်သည့် MPT-KSGM ပူးပေါင်းဆောင်ရွက်မှု ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် “၁၀ နှစ်ပြည့်ဝယ် ငွေထုပ်ပိုက်မယ်” နှင့် အခြားပရိုမိုးရှင်းများ မိတ်ဆက်ပွဲအခမ်းအနားမှ သိရသည်။

လက်ရှိတွင် 5G ကွန်ရက်ကို စမ်းသပ်အသုံးပြုနိုင်သောနေရာများမှာ နေပြည်‌တော်တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း M-12 အိတ်ချိန်း၊ ရန်ကုန်မြို့တွင် MPT ဆူးလေ Own Shop၊ မန္တလေးမြို့တွင် တိုင်းဒေသကြီးမန်နေဂျာရုံးနှင့် မဟာမြိုင်အိတ်ချိန်းရုံး စသည့်နေရာ ၄ ခုတို့တွင် ဖိုင်ဆိုဒ်ကြီးမားသည့် ဗွီဒီယိုများအတွက် 5G ၏ မြန်ဆန်သည့် Down Load ပြုလုပ်ခြင်း၊ 4G နှင့် ကွာခြားချက်များကို စမ်းသပ်အသုံးပြုနိုင်မည်ဖြစ်သည်။

စမ်းသပ်အသုံးပြုမှုကို ရန်ကုန်တွင် ဇွန်လ ၂၄ ရက်မှစတင်၍ နံနက် ၁၀ နာရီမှ ၁၂ နာရီအထိနှင့် မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိလည်းကောင်း၊ နေပြည်တော်တွင် ဇူလိုင်လ ၃ ရက်မှ စတင်၍ နံနက် ၉ နာရီခွဲမှ ၁၂ နာရီအထိ လည်းကောင်း၊ မန္တလေးတွင် ဇူလိုင်လ ၃ ရက်မှစတင်၍ နံနက် ၁၀ နာရီမှ ၁၂ နာရီအထိနှင့် မွန်းလွဲ ၁ နာရီမှ ၂ နာရီအထိလည်းကောင်း လာရောက်စမ်းသပ်အသုံးပြုနိုင်ကြောင်း သိရသည်။

“သူကတော့ လောလောဆယ်ယာယီပေါ့။ စမ်းသပ်ဖို့ပဲချပေးတာ။ Commercially သွားလို့မရသေးဘူး။ စမ်းသပ်ကာလအနေနဲ့ပဲ Regulatory က ချပေးထားတာ။ ကာလလေးတစ်ခုပဲ စမ်းလို့ရမယ်။ စမ်းသပ်ကာလကိုလည်း ရက် ၁၅၀ အထိပဲ ခွင့်ပြုတယ်။ အဲဒီ ရက် ၁၅၀ ကျော်ရင် စမ်းလို့မရတော့ဘူး” ဟု MPT-KSGM မှ Marketing Director ဦးအောင်သူရက ပြောသည်။

လက်ရှိတွင် 5G ကွန်ရက် စမ်းသပ်အသုံးပြုရန်အတွက် စမ်းသပ်ခွင့်ပြုထားသည့် နေရာလေးခုတွင် MPT မှ ပေးထားသည့် ဖုန်းများဖြင့်သာ စမ်းသပ်၍ရရှိသေးခြင်းဖြစ်သော်လည်း ထပ်မံပြုလုပ်မည့် အစီအစဉ်များတွင်မူ စမ်းသပ်အသုံးပြုလိုသူများ မိမိကိုယ်ပိုင်ဖုန်းများဖြင့်ပါ ဆောင်ရွက်နိုင်အောင် စီစဉ်ထားကြောင်း သိရသည်။

“အခုက MPT က ချပေးထားတဲ့ Phone Device တွေနဲ့ပဲ စမ်းလို့ရသေးတယ်။ ဘာလို့ဆိုတော့ ပြည်တွင်းမှာ 5G ဖုန်းသုံးတာ မရှိသေးတာရယ်။ 5G အသုံးပြုနိုင်တဲ့ဖုန်းကလည်း အနည်းငယ်ပဲရှိသေးလို့ပါ။ နောက်ထပ်လုပ်မယ့် အစီစဉ်တွေမှာ စမ်းသပ်သူက ကိုယ့်ဖုန်းနဲ့ အသုံးပြုနိုင်အောင် စီစဉ်ထားတယ်။ ဒါပေမဲ့ ဖုန်းကတော့ 5G အသုံးပြုလို့ရတဲ့ ဖုန်းဖြစ်ဖို့လိုတယ်” ဟု MPT မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

ယနေ့ပြုလုပ်သည့် “၁၀ နှစ်ပြည့်ဝယ်ငွေထုပ်ပိုက်မယ်” မိတ်ဆက်ပွဲအစီအစဉ်အရ စုစုပေါင်း ဆုငွေတန်ဖိုး ကျပ်သိန်း ၄,၀၀၀ ဖြစ်ပြီး အထူးဆုမှာ ကျပ်သိန်း ၁,၀၀၀ ဆုရှင် ၁ ဦးနှင့် လစဉ်ကျပ် သိန်း ၁၀၀ ဆုရှင် ၁၀ ဦးတို့ကို ရွေးချယ်သွားမည်ဖြစ်သည်။ ဇူလိုင်လ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ကြိုက်နှစ်သက်ရာ ချန်နယ်လ်မှတစ်ဆင့် ကြိုက်နှစ်သက်ရာ ပက်ကေ့ချ်များကို (စာတို၊ အသံ၊ ဒေတာ၊ ထပ်ဆောင်ဝန်ဆောင်မှု စသဖြင့်) ဝယ်ယူခြင်းမှ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *