၉.၆.၂၀၂၆
Written by Linn Eain
ရန်ကုန်မြို့၏ နာမည်ကျော် လသာမြို့နယ်ရှိ ၁၉ လမ်းကို Night Market အဖြစ် တရုတ်ခြင်္သေ့နဂါးအကများဖြင့် ယနေ့ ဇွန် ၉ ရက်၊ ညနေ ၅ နာရီတွင် ပြန်ဖွင့်ခဲ့သည်။
အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်ဖြင့် လသာ ၁၉ လမ်းရှိ လမ်းဘေးဆိုင်ခင်းများကို ရောင်းချခွင့်ပိတ်ပြီး လမ်းအတွင်းရှိ စားသောက်ဆိုင်မျာကို လမ်းပေါ်ထိ ခုံခင်းရောင်းချခွင့်ပိတ်ခြင်းကို မေ ၂၅ ရက်မှစ၍
ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“အခုပြန်ပြီး ပြင်ဆင်သတ်မှတ်ပြီး ရောင်းချခွင့်ကို ဒီနေ့ကစပြီး ပြန်ခွင့်ပြုပါတယ်။ စည်းကမ်းမဲ့စျေးရောင်းချတာ မရှိဖို့ လမ်းကော်မတီဖွဲ့ပြီး လိုက်ပြီးစစ်ဆေးပါတယ်။ လမ်းအတွင်းထဲ စည်းတားထားတယ်။ အဲ့ဒီစည်းကို ကျော်ပြီး ဘယ်သူမှ ခုံခင်းတာ၊ ဈေးရောင်းတာ လုပ်လို့မရဘူး။အလယ်လမ်းကြောင်းကို ကားတစ်စီးသွားလို့ရအောင်ထားထားတယ်” ဟု ၁၉ လမ်းအတွင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။





အသစ်ပြန်လည် ပြင်ဆင်ထားသည့် ၁၉ လမ်းတွင် လမ်းတစ်လျှောက် တရုတ်အလှမီးပုံးများတပ်ဆင်ထားပြီး လမ်းထိပ်နှစ်ဖက်တွင် မုခ်ဦးများတည်ဆောက်ထားကာ အလှဓာတ်ပုံရိုက်ရန်နေရာများလည်း ထားရှိပေးထားသည်။
၁၉ လမ်းအတွင်း ဈေးရောင်းချသူတစ်ဦးက ” နှစ်ပတ်ကျော်လောက် ပိတ်ထားရတာ။ ဒီနေ့မှ ပြန်ရောင်းရတယ်။ ခုံတွေ၊ ထီးတွေကိုတော့ ဘီယာကုမ္ပဏီတွေက အကုန်လုံးကို စပွန်ဆာ ပေးတယ်။ သတ်မှတ်ထားတဲ့ အဝါရောင်လိုင်းကို ကျော်ပြီး မရောင်းရဘူး။ နေရာသတ်သတ်မှတ်မှတ်နဲ့ ရောင်းရမှာဖြစ်ပါတယ် ” ဟု ပြောကြားခဲ့သည်။
လသာ ၁၉ လမ်းတွင် ဆိုင်များအနေဖြင့် ညနေ ၅ နာရီမှစတင်ကာ စားပွဲခုံများ ခင်းခွင့်ရှိပြီး လမ်းဘေးရောင်းချသူများအနေဖြင့် ညနေ ၆ နာရီမှ ည ၁၁ နာရီအထိဖွင့်လှစ်ရမည်ဖြစ်ကြောင်း သိရသည်။
