သတိုး
၉. ၆. ၂၀၂၆
မိမိကိုယ်ကိုယ် လူပျိုဖြစ်ကြောင်း မဟုတ်မမှန် ပြောဆိုကာ အမျိုးသမီး ၃ ဦးထံမှ စင်ကာပူဒေါ်လာ ၁ ဒသမ ၆၇ သန်းကျော် လိမ်လည်ခဲ့သည့် အသက် ၃၁ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦးကို စင်ကာပူတရားရုံးက ထောင်ဒဏ် ၇ နှစ်နှင့် ၃ လ ကျခံစေရန် ပြစ်ဒဏ်စီရင်ချက် ချမှတ်လိုက်သည်။
တရားခံဖြစ်သူ မျိုးကျော်သည် လိမ်လည်မှုနှင့် အတုအပပြုလုပ်မှုတို့ အပါအဝင် စွဲချက်ပေါင်း ၂၁ ခုအနက် ၇ ခုအတွက် ပြစ်မှုထင်ရှားကြောင်း ဝန်ခံခဲ့သည်ဟု လျန်ဟဲကျောက်ပေါင် (Lianhe Zaobao) သတင်းစာတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့က ကျူးလွန်သူ မျိုးကျော်အား ပြစ်ဒဏ်စီရင်ချက် ချမှတ်ရာတွင် ကျန်ရှိသည့် စွဲချက်များကိုပါ ထည့်သွင်းစဉ်းစားချမှတ်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် နစ်နာသူအမျိုးသမီးများ၏ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားများကို ကာကွယ်ရန်အတွက် တရားရုံးက သတင်းထုတ်ပြန်မှု ပိတ်ပင်မိန့် (Gag order) ထုတ်ပြန်ထားသည်။
◾️ အိမ်ထောင်သည်ဘဝ
မျိုးကျော်သည် ၂၀၂၂ ခုနှစ်၊ မေလတွင် စင်ကာပူအမျိုးသမီးတစ်ဦးနှင့် လက်ထပ်ခဲ့သည်။ ၎င်းတို့ဇနီးမောင်နှံတွင် သားသမီး နှစ်ဦးရှိပြီး ကွန်ဒိုမီနီယံတိုက်ခန်းတစ်ခုတွင် နေထိုင်ကြသည်။
၎င်းသည် ယခင်က စင်ကာပူနိုင်ငံ၌ သတ်မှတ်ကျွမ်းကျင်လုပ်သားဗီဇာ (S Pass) ဖြင့် ဘဏ္ဍာရေးအကြံပေးအဖြစ် လုပ်ကိုင်ခဲ့ပြီး၊ ဗီဇာသက်တမ်းကုန်ဆုံးသွားပြီးနောက်ပိုင်းတွင် ကိုယ်ပိုင်အလုပ်အဖြစ် ကုန်သွယ်မှုလုပ်ငန်း (Self-employed trader) ကို လုပ်ကိုင်ခဲ့သည်။
၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း မျိုးကျော်သည် အသက် ၄၄ နှစ်နှင့် ၄၅ နှစ်အရွယ် မလေးရှားအမျိုးသမီး နှစ်ဦး၊ အသက် ၃၅ နှစ်အရွယ် တရုတ်နိုင်ငံသူ အမျိုးသမီးတစ်ဦးတို့နှင့် ချစ်ကြိုက်ခဲ့သည်။
◾️ ပထမဦးဆုံး နစ်နာသူ
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် မျိုးကျော်သည် အွန်လိုင်းအချစ်ရှာဖွေရေးအက်ပ် (Dating app) မှတစ်ဆင့် အသက် ၄၄ နှစ်အရွယ် အမျိုးသမီးနှင့် စတင်သိကျွမ်းခဲ့သည်။ ၎င်းက မိမိကိုယ်ကိုယ် လူပျိုဖြစ်ကြောင်း မဟုတ်မမှန် ပြောဆိုကာ ထိုအမျိုးသမီးနှင့် အချစ်ရေးဇာတ်လမ်း စတင်ခဲ့သည်။
၎င်းတို့ ချစ်ကြိုက်နေစဉ်အတွင်း မျိုးကျော်သည် ထိုအမျိုးသမီးထံမှ ငွေကြေးခဏခဏ တောင်းခံခဲ့သည်။ ၎င်း၏ဖခင် ကွယ်လွန်သွားပြီဖြစ်ကြောင်းနှင့် မောင်နှမများနှင့် အမွေကိစ္စ အငြင်းပွားနေသဖြင့် ရှေ့နေခများနှင့် ဥပဒေရေးရာစရိတ်များ လိုအပ်နေကြောင်း လိမ်လည်ပြောဆိုခဲ့သည်။ သို့သော် လက်တွေ့တွင် ၎င်း၏ဖခင်မှာ ၎င်းအသက် ၉ နှစ်အရွယ်ကတည်းက ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် မျိုးကျော်သည် အခွန်အခများ၊ တံဆိပ်ခေါင်းခွန်များ၊ တရားရုံးစရိတ်များ၊ ဒဏ်ငွေများနှင့် ၎င်း၏အဘိုးဖြစ်သူအတွက် ဆေးဝါးကုသစရိတ်များ ပေးဆောင်ရန် ငွေလိုနေကြောင်းလည်း အကြောင်းပြခဲ့သည်။ ရရှိလာသော ငွေအချို့ကို နောက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုများအတွက် အသုံးပြုခဲ့သည်။
အစပိုင်းတွင် ထိုအမျိုးသမီးသည် သူမ၏ စုဆောင်းငွေများကို ထုတ်ချေးခဲ့သော်လည်း နောက်ပိုင်းတွင် ငွေများ လိုက်လံချေးငှားရုံမက မိသားစုဝင်များထံမှပါ ငွေကြေးအကူအညီ တောင်းခံခဲ့ရသည်။ သူမအနေဖြင့် စင်ကာပူဒေါ်လာ ၅၄၃,၇၂၄ ခန့် ဆုံးရှုံးခဲ့ရသည်။
ထိုအမျိုးသမီးက မေးခွန်းထုတ်သည့်အခါတွင်လည်း မျိုးကျော်က ကွယ်လွန်သူဖခင်၏ အမွေအနှစ်ထဲမှ သြစတြေးလျဒေါ်လာ ၁၅၀,၀၀၀ (စင်ကာပူဒေါ်လာ ၁၃၆,၆၁၀) ရပိုင်ခွင့်ရှိကြောင်း လိမ်လည်ပြောဆိုခဲ့ပြီး၊ သူမထံသို့ သြစတြေးလျဒေါ်လာ ၅၀,၀၀၀ (စင်ကာပူဒေါ်လာ ၄၅,၃၈၂) လွှဲပြောင်းပေးမည်ဟု ကတိပြုခဲ့သည်။ ၎င်း၏ ပြောဆိုချက်များကို သက်သေပြရန် ဘဏ်ငွေလွှဲစာရွက်စာတမ်းအတုများကိုပင် ပြုလုပ်ခဲ့သည်။
အမျိုးသမီးသည် သံသယဝင်လာသဖြင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ရဲစခန်း၌ တိုင်ချက်ဖွင့်ခဲ့သည်။ သို့သော်လည်း ၎င်းက သူမထံ ပြန်လည်ဆက်သွယ်ကာ မိမိအနေဖြင့် လိမ်လည်ခြင်းမရှိကြောင်း အတင်းအကျပ် ပြောဆိုခဲ့ရာ သူမက ယုံကြည်သွားပြီး ၂၀၂၃ ခုနှစ်၊ သြဂုတ်လအထိ ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းခဲ့သည်။
◾️ ဒုတိယမြောက် နစ်နာသူ
၂၀၂၃ ခုနှစ်၊ ဇွန်လတွင် မျိုးကျော်သည် အွန်လိုင်းအချစ်ရှာဖွေရေးအက်ပ်မှတစ်ဆင့်ပင် သိကျွမ်းခဲ့သည့် အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် ထပ်မံပတ်သက်ခဲ့သည်။ ၎င်းတွင် သြစတြေးလျ နိုင်ငံကူးလက်မှတ် ရှိကြောင်းနှင့် မိမိကိုယ်ကိုယ် ကုန်သွယ်မှုပလက်ဖောင်း (Trading platform) တစ်ခု၏ တွဲဖက်တည်ထောင်သူအဖြစ် ပြောဆိုခဲ့သည်။ ထို့အပြင် ဘန့်တ်လေ (Bentley) ကားတစ်စီး မောင်းနှင်ကြောင်းလည်း ကြွားဝါခဲ့သည်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် ထိုအမျိုးသမီး၌ ၎င်းနှင့်ရသည့် ကိုယ်ဝန်ရှိလာခဲ့သည်။ မျိုးကျော်သည် ၎င်းတို့၏ အနာဂတ်အိမ်ထောင်ရေးနှင့် မိသားစုဘဝအကြောင်းကိုပင် အရှည်တွေး၍ ပြောဆိုခဲ့သည်။
ထို့နောက် အရေးပေါ်အကြွေးများနှင့် အကျိုးအမြတ် ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းခန့်အထိ ပြန်ရနိုင်မည့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို အကြောင်းပြကာ သူမထံမှ ငွေတောင်းခံခဲ့သည်။ မျိုးကျော်က ၎င်း၏ ရင်းနှီးမြှုပ်နှံမှုအကောင့်ထဲတွင် အမေရိကန်ဒေါ်လာ ၅ သန်း (စင်ကာပူဒေါ်လာ ၆ ဒသမ ၄ သန်း) ရှိနေပြီး ယင်းငွေများကို ဆက်လက်ထိန်းသိမ်းထားရန်အတွက် နောက်ထပ်ငွေကြေးများ လိုအပ်နေကြောင်း ပြောကြားခဲ့သည်။
တစ်လမပြည့်မီအချိန်အတွင်းမှာပင် ၎င်းသည် ထိုအမျိုးသမီးထံမှ အနည်းဆုံး စင်ကာပူဒေါ်လာ ၃၆၀,၅၉၁ ကို လိမ်လည်ရယူခဲ့သည်။ စည်းစနစ်တကျ ငွေကြေးအမြဲလိုနေရခြင်းအပေါ် သူမက မေးခွန်းထုတ်သည့်အခါတွင်လည်း ဖခင်ကွယ်လွန်ပြီးနောက်ပိုင်း ရုန်းကန်နေရ၍ဖြစ်ကြောင်း ဆင်ခြေပေးခဲ့သည်။ ၎င်း၏ ရင်းနှီးမြှုပ်နှံမှုငွေများကို ပြန်ထုတ်ခွင့်ရသည်နှင့် ချေးငွေအားလုံးကို ပြန်ဆပ်မည်ဖြစ်ကြောင်း ၎င်းက အာမခံခဲ့သည်။
ထိုအမျိုးသမီးမှာ သူမ၏ စုဆောင်းငွေအများစု ကုန်ဆုံးခဲ့ရုံမက ခရက်ဒစ်ကတ် (Credit card) အသုံးပြုခွင့် ကန့်သတ်ချက်များကိုပါ အပြည့်အဝ သုံးစွဲခဲ့ရသည်။ ၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် သူမသည် မျိုးကျော်ထံသို့ ဆက်သွယ်ရန် ခက်ခဲလာသဖြင့် ၎င်းနေထိုင်သည်ဟု ပြောဆိုထားသော လိပ်စာသို့ လိုက်သွားခဲ့ရာ ၎င်းနေထိုင်ခြင်းမရှိကြောင်း သိရှိခဲ့ရသည်။
ထို့နောက် ကားအရောင်းပြခန်းတစ်ခုမှတစ်ဆင့် ၎င်းမောင်းသည်ဟု ပြောဆိုသော ဘန့်တ်လေကားမှာ ၎င်း၏ဇနီးအမည်ဖြင့် မှတ်ပုံတင်ထားခြင်းဖြစ်ကြောင်း သိရှိခဲ့ရသည်။ ထိုအချိန်မှသာ မျိုးကျော်တွင် ဇနီးနှင့် သားသမီးများ ရှိနေပြီးဖြစ်ကြောင်း သူမ သိရှိသွားခဲ့သည်။
◾️ တတိယမြောက် နစ်နာသူ
ပထမအမှုနှစ်ခုနှင့် ပတ်သက်၍ တရားစွဲဆိုခြင်း ခံထားရပြီးနောက်တွင်ပင် မျိုးကျော်သည် အာမခံဖြင့် ပြင်ပတွင် ရှိနေစဉ်အတွင်း လိမ်လည်မှုများကို ဆက်လက်ကျူးလွန်ခဲ့သည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း ၎င်းသည် အသက် ၃၅ နှစ်အရွယ် တရုတ်နိုင်ငံသူ အမျိုးသမီးတစ်ဦးနှင့် ပတ်သက်ခဲ့သည်။
မျိုးကျော်သည် သူမအား ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် လှည့်ဖြားခဲ့ပြီး သူမ၏ ခရက်ဒစ်ကတ် အချက်အလက်များကို တောင်းခံကာ ငွေပေးချေမှုများ ပြုလုပ်ခဲ့သည်။ သူမက သံသယဝင်လာသည့်အခါ ၎င်း၏လုပ်ရပ်များကို ဖုံးကွယ်ရန်အတွက် စင်ကာပူ လူဝင်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးအာဏာပိုင်အဖွဲ့ (ICA) မှ ပေးပို့သည့် စာရွက်စာတမ်းအတုများကို ဖန်တီးခဲ့သည်။ ထိုအမျိုးသမီးသည် စင်ကာပူဒေါ်လာ ၇၆၉,၁၈၉ ခန့် ဆုံးရှုံးခဲ့ရသည်။
◾️ စိတ်ဒဏ်ရာ ရရှိမှုများ
တရားလိုပြအစိုးရရှေ့နေ၏ ပြောကြားချက်အရ မျိုးကျော်သည် မိသားစုများ ပြည်ပတွင်ရှိနေပြီး တည်ငြိမ်သည့်ဘဝကို ရှာဖွေနေကြသည့် အသက် ၄၀ ကျော်နှင့် ၅၀ ကျော်အရွယ် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရှင် အမျိုးသမီးများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
၎င်းသည် အမျိုးသမီးများနှင့် ချစ်ကြိုက်ကာ ၎င်းတို့၏ ယုံကြည်မှုကို အလွဲသုံးစားလုပ်ခဲ့ကြောင်း၊ လိမ်လည်မှုများကို ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး နှစ်နှစ်ခွဲကျော် ကာလအတွင်း ၎င်းတို့ထံမှ စင်ကာပူဒေါ်လာ ၁ ဒသမ ၆၇ သန်းကျော် အမြတ်ထုတ်ခဲ့ကြောင်း စွဲချက်တင်ခဲ့သည်။
အသက် ၄၅ နှစ်အရွယ် မလေးရှားအမျိုးသမီးသည် မိမိလိမ်လည်ခံရကြောင်း သိရှိပြီးနောက် ပြင်းထန်စွာ သစ္စာဖောက်ခံရသလို ခံစားခဲ့ရသည်။ သူမသည် ကြီးမားသော စိတ်ဖိစီးမှုများကို ခံစားခဲ့ရပြီး ရလဒ်အနေဖြင့် ရက်သတ္တပတ်အနည်းငယ်အကြာတွင် ကိုယ်ဝန်ပျက်ကျခဲ့ကာ မိမိကိုယ်ကိုယ် သတ်သေရန်အထိပင် ကြံစည်တွေးတောခဲ့သည်။
အသက် ၃၅ နှစ်အရွယ် တရုတ်နိုင်ငံသူမှာလည်း အလွန်အမင်း အရှက်ရခြင်း၊ နောင်တရခြင်းနှင့် ဒေါသထွက်ခြင်းတို့ကို ခံစားခဲ့ရသည်။ သူမသည် အကြွေးများနှင့် မိမိ၏အနာဂတ်အတွက် စိုးရိမ်ပူပန်မှုများကြောင့် စိုးရိမ်သောကရောက်ခြင်း (Anxiety) နှင့် အိပ်မပျော်ခြင်း (Insomnia) ဝေဒနာများကို ခံစားခဲ့ရပြီး ယင်းက လူမှုဆက်ဆံရေးနှင့် လုပ်ငန်းခွင် စွမ်းဆောင်ရည်အပေါ် ထိခိုက်ခဲ့ရသည်။
အဆိုပါ ဆိုးရွားလှသည့် အကျိုးဆက်များကို ထောက်ပြပြီး တရားလိုများဘက်က ၎င်းအား ထောင်ဒဏ် ၇ နှစ်မှ ၈ နှစ်အထိ ချမှတ်ပေးရန် တရားရုံးသို့ လျှောက်လဲခဲ့ခြင်း ဖြစ်ပြီး တရားရုံးကလည်း ပြစ်မှုထင်ရှားရှိနေသည့်အတွက် မျိုးကျော်အား ထောင်ဒဏ် ၇ နှစ်နှင့် ၃ လ ကျခံစေရန် ပြစ်ဒဏ်စီရင်ချက် ချမှတ်ခဲ့ခြင်းဖြစ်သည်။
Ref: Mothership
