သတိုး
၂၇. ၆. ၂၀၂၆
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ဇွန် ၂၆ ရက်တွင် ကျင်းပရာ အစည်းအဝေးတွင် “အာဆီယံထုတ်ပြန်ချက်ငါးရပ်သည် အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံ၏ တန်းတူရည်တူရှိမှုကို ထိခိုက်စေပြီး နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက်ခြင်းမပြုရန်ဟူသော အာဆီယံ၏အခြေခံမူများနှင့် ကွဲလွဲနေသည့်အပြင် မြန်မာနိုင်ငံ၏ လက်ရှိပကတိနိုင်ငံရေးအခြေအနေနှင့် ကိုက်ညီမှုမရှိသည့်အတွက် လိုအပ်သကဲ့သို့ သုံးသပ်ဆောင်ရွက်ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုအား ကလောမဲဆနန္ဒနယ်မှ ဒေါက်တာနန္ဒာလှမြင့်က ပြည်ထောင်စုလွှတ်တော်သို့တင်သွင်းခဲ့သည်။
ထိုသို့တင်သွင်းရာတွင် မိမိတို့နိုင်ငံသည် ၁၉၉၇ ခုနှစ် ဇူလိုင် ၂၃ ရက်မှစပြီး အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့ပါကြောင်း၊ ၂၀၀၇ ခုနှစ်က စင်ကာပူနိုင်ငံတွင် အာဆီယံအဖွဲ့ထူထောင်သည့် နှစ် (၄၀) ပြည့်အခမ်းအနားတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံအကြီးအကဲများ၊ အစိုးရအဖွဲ့အကြီးအကဲများ တွေ့ဆုံပြီး သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည့် အာဆီယံပဋိညာဉ်စာတမ်း (ASEAN Charter) ကိုလည်း မိမိတို့နိုင်ငံက ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ယနေ့ထက်တိုင် တာဝန်သိသည့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် ပဋိညာဉ်စာတမ်းပါ အခြေခံမူများအတိုင်း တက်ကြွစွာ အလေးထားလိုက်နာဆောင်ရွက်လျက်ရှိပါကြောင်း ဒေါက်တာနန္ဒာလှမြင့်က ပြောကြားသည်။
ထို့အတူ အာဆီယံပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရာတွင် အာဆီယံနှင့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာဆီယံ၏ကြေညာစာတမ်းများ၊ သဘောတူစာချုပ်များ၊ ကွန်ဗင်းရှင်းများ၊ သဘောတူညီချက်များနှင့် အခြားစာချုပ်စာတမ်းများပါ အခြေခံမူများကို လိုက်နာရမည် ဖြစ်ကြောင်း ထပ်လောင်းအတည်ပြု၍ သဘောတူညီထားသည်ကို တွေ့ရပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမဲမသမာမှု များကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များအရ နိုင်ငံတော်တစ်ဝန်းလုံးကို အရေးပေါ်အခြေအနေကြေညာခဲ့ပြီး နိုင်ငံတော်၏ အာဏာသုံးရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ တပ်မတော်က တာဝန်ယူထိန်းသိမ်းခဲ့ပါကြောင်း၊ မြန်မာ့အရေးနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမျိုးသားနိုင်ငံရေးကို ရှေးရှုကာ နိုင်ငံ့တာဝန်ကို ဦးဆောင်စဉ်ကာလတွင် UN အစည်းအဝေး၌ ကမ္ဘာ့နိုင်ငံအများစုသည် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့ကြပြီး အာဆီယံအသိုင်းအဝိုင်းကလည်း ထိုနည်းတူစွာ မြန်မာနိုင်ငံအား ဖိအားပေးမှုများ ဆောင်ရွက်ခဲ့ပါကြောင်း၊ အာဆီယံသည် ဒေသတွင်းနိုင်ငံများအချင်းချင်း နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု ကဏ္ဍများ၌ အစဉ်အလာကောင်းများ ချမှတ်ကာ ထိန်းသိမ်းဖော်ဆောင်လျက်ရှိသည့်အတွက် တစ်ကမ္ဘာလုံးက လေးစားဂုဏ်ယူရသည့် အဖွဲ့အစည်းဖြစ်ပါကြောင်း၊ သို့သော်လည်း အာဆီယံအနေဖြင့် ဒေသတွင်း မဟာဗျူဟာအရ အားပြိုင်မှုများ ပိုမိုဖြစ်ပွားလာချိန်တွင် ကွဲပြားမှုများရှိသော်လည်း စည်းလုံးညီညွတ်မှုစိတ်ဓာတ်ဖြင့် ဘုံတန်ဖိုးထားမှုအပေါ် အလေးထားဆောင်ရွက်ခဲ့သည့် အာဆီယံ၏ အစဉ်အလာကောင်းများကို မျက်ကွယ်ပြုကာ မြန်မာနိုင်ငံပေါ် ဖိအားပေးမှုများ ပြုလုပ်လျက်ရှိပါကြောင်းလည်း ဆွေးနွေးသည်။

ထို့အပြင် အာဆီယံက ၂၀၂၁ ခုနှစ်၊ ဧပြီ ၂၄ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ပြုလုပ်ခဲ့သည့် အာဆီယံခေါင်းဆောင်များအစည်းအဝေး (ASEAN Leaders’Meeting) အပြီးတွင် အာဆီယံတူညီဆန္ဒငါးချက်ဟုဆိုသည့် အာဆီယံထုတ်ပြန်ချက် (၅) ရပ်ကို အာဆီယံဥက္ကဋ္ဌ၏ ထုတ်ပြန်ချက် (Chairman’s Statement) နောက်ဆက်တွဲအနေဖြင့် ထုတ်ပြန်ခဲ့ပါကြောင်း၊ အဆိုပါထုတ်ပြန်ချက်ငါးချက်မှာ အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန် (Immediate Cessation of Violence) မြန်မာ နိုင်ငံ၌ အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်နှင့် သက်ဆိုင်သူများအားလုံးအနေဖြင့် အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန်၊ အပြုသဘောဆောင်သော ဆွေးနွေးညှိနှိုင်းမှု (Constructive Dialogue) ပြည်သူများ၏ အကျိုးစီးပွားအတွက် ငြိမ်းချမ်းသော အဖြေရရှိရန် သက်ဆိုင်သူ အားလုံးအကြား အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ ပြုလုပ်ရန်၊ ASEAN အထူး ကိုယ်စားလှယ်၏ အကူအညီဖြင့် ဆောင်ရွက်ခြင်း (Special Envoy Facilitation) အာဆီယံအတွင်း ရေးမှူးချုပ်၏ ပံ့ပိုးမှုဖြင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်သည် ဆွေးနွေးမှုလုပ်ငန်းစဉ်များ၌ ကြားဝင်ဖျန်ဖြေဆောင်ရွက်ရန်၊ လူသားချင်းစာနာမှုအကူအညီ (Humanitarian Assistance) အာဆီယံသည် အာဆီယံလူသားချင်းစာနာမှု အကူအညီပေးရေး ညှိနှိုင်းမှု (ASEAN Coordinating Centre for Humanitarian Assistance on Disaster Management – AHA Centre)မှ တစ်ဆင့် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ရန်၊ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ လာရောက်တွေ့ဆုံခြင်း (Envoy Visit) အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်နှင့်အဖွဲ့သည် သက်ဆိုင်သူများအားလုံးနှင့် တွေ့ဆုံရန်အတွက် မြန်မာနိုင်ငံသို့ သွားရောက် ရန်ဆိုသည့် အချက်များဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းအပြင် ဒေါက်တာနန္ဒာလှမြင့်က ပထမဆုံး တင်ပြလိုသည်မှာ ယင်းအချက်ငါးချက်သည် တူညီဆန္ဒငါးချက်ဟု ဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း အာဆီယံ အဖွဲ့ဝင်နိုင်ငံအားလုံးကိုမူကြမ်းကြိုတင်ချပြပြီး သဘောတူညီချက်ရယူပြီးမှ ထုတ်ပြန်ခဲ့သည့် အာဆီယံ၏ထုတ်ပြန်ချက်မဟုတ်ဘဲ အာဆီယံဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်၏ နောက်ဆက်တွဲ အနေဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ထုတ်ပြန်ချက်အပေါ်တွင် မိမိနိုင်ငံ၏ နိုင်ငံရေးယဉ်ကျေးမှု၊ အာဆီယံ၏ မူဘောင်များနှင့်အညီသာ ဆောင်ရွက်သွားမည်ဟု အသိပေးတုံပြန်ခဲ့သည်ကို တွေ့ရပါကြောင်း၊ သာမန်အားဖြင့် ကြည့်မည်ဆိုလျှင် အာဆီယံထုတ်ပြန်ချက်ငါးရပ်သည် မြန်မာနိုင်ငံ၏ လက်နက်ကိုင်ပဋိပက္ခများကို ဖြေရှင်းပေးရန်နှင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိစေရန်ဆိုသည့် ကောင်းမွန်သည့် ရည်ရွယ်ချက်များနှင့် အကြံပြုခဲ့သည်ဟု ထင်မြင်ယူဆနိုင်သော်လည်း အာဆီယံနိုင်ငံအချင်းချင်း ရိုးသားမှုကို အခြေခံပြီး ကူညီရိုင်းပင်းလိုစိတ်နှင့် ချဉ်းကပ်လာမှုမျိုးမဟုတ်ဘဲ အာဆီယံ၏ပဋိညာဉ်စာတမ်းပါအခြေခံမူများနှင့် ၁၉၇၆ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး (Treaty on Amity and Cooperation in South East Asia-TAC)ပါ အခြေခံ မူများဖြစ်သည့် “နိုင်ငံအားလုံး၏ လွတ်လပ်မှု၊ အချုပ်အခြာအာဏာပိုင်မှု၊ တန်းတူရည်တူရှိမှု၊ ပိုင်နက်နယ်မြေနှင့် အမျိုးသားရေးလက္ခဏာများကို အပြန်အလှန် လေးစားရမည်၊ နိုင်ငံတိုင်းသည် ပြင်ပမှစွက်ဖက်မှု၊ အဖျက်အမှောင့်ပြုလုပ်မှုနှင့် အကျပ်ကိုင်ဖိအားပေးမှုများ ကင်းရှင်းလျက် မိမိနိုင်ငံ၏ ဖြစ်တည်မှုကို ဦးဆောင်နိုင်ခွင့်ရှိရမည်၊ နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရ” ဆိုသည့် အချက်များနှင့် ကိုက်ညီမှုမရှိဘဲ အာဆီယံ၏ အခြေခံမူများနှင့် သွေဖည်နေသည်ကို တွေ့ရပါကြောင်းလည်း ဒေါက်တာနန္ဒာလှမြင့်က ပြောကြားသည်။
ထို့အပြင် ထပ်ဆင့် သုံးသပ်မှုအဖြစ် ယခုအချိန်အခါသည် မြန်မာနိုင်ငံအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ ရွေးကောက်ပွဲကျင်းပပြီး ဖွဲ့စည်းထားသည့် ရွေးကောက်ခံ ပြည်သူ့အစိုးရတစ်ရပ် ပေါ်ထွန်းလာပြီဖြစ်ပြီး အာဆီယံထုတ်ပြန်ချက်ငါးရပ်သည် နိုင်ငံတော်၏ လက်ရှိပကတိအခြေအနေနှင့် နှိုင်းယှဉ်ကြည့်လျှင် ကိုက်ညီမှုမရှိသည်ကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊ အာဆီယံသည် အာဆီယံထုတ်ပြန်ချက်ငါးရပ်ကို အကောင်အထည်ဖော်ရာတွင် အနောက်နိုင်ငံအချို့ ၏ ဖိအားပေးလမ်းညွှန်မှုများအတိုင်း ဆောင်ရွက်နေရခြင်းဖြစ်ပြီး အာဆီယံ၏ အချက်အချာကျမှု (ASEAN Centrality) အားနည်းသွားကာ အာဆီယံပဋိညာဉ်စာတမ်းကို လိုသလို ပုံဖော်အသုံးချနေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် အာဆီယံထုတ်ပြန်ချက်ငါးရပ်အပေါ် ပြန်လည်သုံးသပ်မှုများ ပြုလုပ်သွားရန် လိုအပ်ပါကြောင်း၊ ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ သာယာဝပြောစေရေးတို့ကို တိုးတက်စေရေး သန္နိဋ္ဌာန်ချမှတ်ပြီး အာဆီယံပဋိညာဉ်စာတမ်းပါ နိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်မှု၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ တန်းတူရည်တူရှိမှု၊ နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် အမျိုးသားရေးလက္ခဏာများကို လေးစားလိုက်နာကြရန်၊ စုပေါင်း တာဝန်ယူကြရန်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်း ရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် ပြဋ္ဌာန်းထားသော်လည်း အာဆီယံနိုင်ငံအချို့က မြန်မာအစိုးရကို အသိအမှတ်မပြုလိုသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ပြင် အာဆီယံအစည်းအဝေးများတွင်လည်း တာဝန်ရှိသည့် အစိုးရအဖွဲ့အကြီးအကဲများကို ဖိတ်ကြားခြင်းမရှိဘဲ တက်ရောက်ခွင့်ပိတ်ပင်ထားခြင်းသည် အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူတစ်ခုဖြစ်သည့် အခန်း(၁)၊ အပိုဒ်(၂)ပါ အပိုဒ်ခွဲ (၂-စ) “ပြင်ပမှ ဝင်ရောက်စွက်ဖက်မှု၊ ဖျက်လိုဖျက်ဆီးပြုမှုနှင့် ဖိအားပေးမှုများ ကင်းရှင်းစွာဖြင့် အမျိုးသားရေးတည်ရှိမှုဆိုင်ရာ အဖွဲ့ဝင်နိုင်ငံတိုင်း၏ အခွင့်အရေးကို လေးစားခြင်း” ဆိုသည့်အချက်နှင့် အာဆီယံပဋိညာဉ်စာတမ်း အခန်း (၃)၊ အပိုဒ်(၅)ပါ အခွင့်အရေးနှင့် တာဝန်များနှင့်ပတ်သက်၍ “အဖွဲ့ဝင်နိုင်ငံများသည် ဤပဋိညာဉ် စာတမ်းအရ တူညီသည့်အခွင့် အရေးနှင့် တာဝန်များရှိရပါမည်” ဆိုသည့်အချက်များကို ချိုးဖောက်ပြီး မြန်မာနိုင်ငံအပေါ် ဖိအားပေးခြင်း၊ တန်းတူရည်တူအခွင့်အရေးမပေးခြင်းစသည့် ပဋိညာဉ်စာတမ်းနှင့် မကိုက်ညီသည့် လုပ်ဆောင်နေမှုများကို တွေ့ရှိရပါ ကြောင်း၊ ယခင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရကာလကလည်း အာဆီယံထုတ်ပြန်ချက်ငါးရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က ဖိအားပေးတောင်းဆိုမှုများ ရှိခဲ့ပါကြောင်း၊ ထိုအချိန်ကာလ၌ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာကို မထိခိုက်စေဘဲ ပူးပေါင်းဆောင်ရွက်နေကြောင်းနှင့် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို သက်ဆိုင်ရာနိုင်ငံ၏ သဘောဆန္ဒ မပါဝင်ဘဲ ဆုံးဖြတ်ခွင့်၊ စွက်ဖက်ခွင့် အာဆီယံ၌မရှိကြောင်း တုံ့ပြန်ပြောကြားခဲ့သည်ကိုလည်း တွေ့မြင်ရပါကြောင်းလည်း ဆွေးနွေးသည်။
ထိုသို့ အာဆီယံက တစ်ဖက်သတ်ထုတ်ပြန်ထားသည့် အာဆီယံထုတ်ပြန်ချက်ငါးရပ်ကို အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွား၊ အချုပ်အခြာအာဏာနှင့် လက်တွေ့မြေပြင်၏ ပကတိအခြေအနေများကို အလေးထားစဉ်းစားဆောင်ရွက်ရန်နှင့် အာဆီယံနှင့် ဆက်ဆံရာတွင်လည်း မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ဦးထိပ်ပန်ဆင်ပြီး ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်ရန် အရေးကြီးပါကြောင်း၊ ထို့ပြင် လူသားချင်းစာနာမှုအကူအညီများ၊ ယုံကြည်မှု တည်ဆောက်ရေး ဆောင်ရွက်မှုများနှင့် အပြန်အလှန်ဆွေးနွေးပွဲများကို တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းတည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးကို အထောက်အကူပြုနိုင်မည်ဟု ယုံကြည်မိပါကြောင်း၊ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏ အခွင့်အရေးဖြစ်သည့် အမျိုးသားအကျိုးစီးပွားကို ရှေးရှုကာ ပိုမိုလက်တွေ့ကျပြီး မျှတသည့် နည်းလမ်းများဖြင့် ပြန်လည်ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ပါကြောင်းအဆိုကို တင်သွင်းသည်။
“ဒီကနေ့အချိန်အခါမှာ ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေကနေတစ်ဆင့် ရွေးချယ်ပေးလိုက်တဲ့ ရွေးကောက်ခံပြည်သူ့အစိုးရတစ်ရပ် ပေါ်ထွက်လာပြီဖြစ်ပါတယ်။ ပေါ်ထွက်လာပြီဖြစ်တဲ့ ပြည်သူ့အစိုးရကို လက်ရှိအာဆီယံရဲ့အစည်းအဝေးတွေမှာ နိုင်ငံအကြီးအကဲနဲ့ နိုင်ငံခြားရေးဝန်ကြီးအပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူတွေကို ဖိတ်ကြားခြင်းမပြုတာမျိုးတွေ တွေ့ရပါတယ်။ ဒါကြောင့် အာဆီယံကထုတ်ပြန်တဲ့ ထုတ်ပြန်ချက်တွေဟာ လက်ရှိအခင်းအကျင်းနဲ့ ကိုက်ညီမှုမရှိတော့သလို အာဆီယံပဋိညာဉ်ပါ အဓိကအခြေခံမူတွေနဲ့လည်း မညီညွတ်တာကို တွေ့ရပါတယ်။ အဓိကအချက်ကတော့ အာဆီယံပဋိညာဉ်မှာက တစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို တစ်နိုင်ငံက ဝင်ရောက် စွက်ဖက်ခြင်းမပြုရဘူး။ တန်းတူရည်တူရှိရမယ်။ ဒီလိုသဘောတူညီချက်တွေရှိပါတယ်။ နိုင်ငံအားလုံး သဘောတူပြီးမှ တန်းတူရည်တူဆက်ဆံရမယ်။ တစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို တစ်နိုင်ငံက ဝင်ရောက်မစွက်ဖက်ဘူးဆိုတဲ့ မူတွေရှိတယ်။ ဒီကနေ့ အာဆီယံရဲ့ထုတ်ပြန်ကြေညာချက်နဲ့ ဆောင်ရွက်ချက်တွေဟာ ဒီမူတွေကို ကျော်လွန်နေတယ်၊ ပဋိညာဉ်ကို ချိုးဖောက်နေသလို ဖြစ်နေတယ်။ လက်ခံလို့ မသင့်ဘူး အာဏာပိုင်နိုင်ငံအနေနဲ့ ပြည်သူ့အစိုးရတစ်ရပ်အနေနဲ့ နိုင်ငံရဲ့ဂုဏ်သိက္ခာအရ လက်ခံဖို့မသင့်ဘူး။ ဒါကြောင့် ဒါကိုပြန်လည်သုံးသပ်စဉ်းစားဆောင်ရွက်ဖို့ ပြည်ထောင်စုအစိုးရအဖွဲ့ကို တိုက်တွန်းတဲ့အဆိုကို ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ တင်သွင်းတာဖြစ်ပါတယ်။ နိုင်ငံတကာမှာလည်း အဖွဲ့အစည်းတွေရှိပါတယ်။ နိုင်ငံတကာ ပါလီမန်အဖွဲ့အစည်းတွေ ရှိတယ်။ နိုင်ငံတွေ ပေါင်းစပ်ထားတဲ့ အာဆီယံမှာလည်း ပါလီမန်အဖွဲ့အစည်းတွေရှိတယ်။ နိုင်ငံတကာ မှာလည်းရှိတယ်။ ဒီအဖွဲ့အစည်းတွေနဲ့ ဆက်စပ်ဆောင်ရွက်ဖို့ဆိုတာလည်း ကျွန်တော်တို့ပြည်တွင်းမှာလည်း Myanmar Parliamentary Union လိုမျိုးက လိုအပ်တယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ၊ ပြည်ထောင်စုအဆင့်လွှတ်တော်ကြီးတွေရဲ့ အဖွဲ့တွေ၊ အစုအဖွဲ့တွေမှာ နိုင်ငံတကာနဲ့ ဆက်ဆံဖို့၊ နောက်တစ်ခါ မူဝါဒပိုင်းဆိုင်ရာတွေ ချိန်ညှိဖို့၊ ဒါတွေက အကျိုးအများကြီးရှိပါတယ်။ ဒါက တိုင်းပြည်အတွက်ရော လွှတ်တော်တွေအတွက်ရော၊ နောက်ပြီးလွှတ်တော်ရဲ့ အရည်အသွေးမြှင့်တင်ရေးပိုင်းဆိုင်ရာတွေ၊ နိုင်ငံတကာနဲ့ ဆက်ဆံဆောင်ရွက်တဲ့နေရာတွေမှာ အများကြီး ထိရောက်ပါတယ်၊ အများကြီး အကျိုးရှိပါတယ်။ ဒါက ကျွန်တော်တို့နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့လည်း သက်ဆိုင်တာဖြစ်တဲ့အတွက် နိုင်ငံသားတစ်ယောက်အနေနဲ့ရော၊ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ရော ဆောင်ရွက်ရမယ့်ကိစ္စဖြစ်တဲ့အတွက် နိုင်ငံရဲ့ဂုဏ်သိက္ခာအတွက် ဆောင်ရွက်တယ်လို့ပဲ ပြောချင်ပါတယ်။ ကျွန်တော်တို့က ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ နဲ့အညီ ရွေးချယ်တင်မြှောက်ထားတဲ့ ရွေးကောက်ခံအစိုးရတစ်ရပ် ပေါ်ထွက်လာပြီ။ ကျွန်တော်တို့က အာဆီယံနိုင်ငံအတွင်းမှာရော၊ နိုင်ငံ တကာအတွင်းမှာရော တန်းတူရည်တူဆက်ဆံမှုနဲ့ မိမိရဲ့အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံရဲ့ ဂုဏ်သိက္ခာအတိုင်း ရပ်တည်သွားဖို့လိုတယ်။ ဒါကို မသိကျိုးကျွံပြုပြီးတော့မှ ခေါင်းစဉ်မျိုးစုံပြပြီး ကျွန်တော်တို့နိုင်ငံကို ဆက်ဆံတဲ့ပုံစံမမှန်တာတွေကိုတော့ ကျွန်တော်တို့က လက်ခံလို့မရဘူး။ ကျွန်တော်တို့ နိုင်ငံရဲ့ဂုဏ်သိက္ခာနဲ့ နိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာအတွက် ဆောင်ရွက်သွားမှာပဲဖြစ်ပါတယ်”ဟု ဒေါက်တာနန္ဒာလှမြင့်က ဆိုသည်။

ယင်းအဆိုနှင့်စပ်လျဉ်း၍ ပင်လောင်းမဲဆန္ဒနယ်မှ ဒေါ်နန်းရီရီဝင်းက အာဆီယံပဋိညာဉ် စာတမ်းတွင်ပါရှိသည့် ရည်ရွယ်ချက် ၁၅ ချက်နှင့် အဖွဲ့ဝင်နိုင်ငံများ လိုက်နာဆောင်ရွက်ရမည့် အခြေခံမူ ၁၄ ချက်တို့ကို လေ့လာကြည့်မည်ဆိုလျှင် နိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်မှု၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ တန်းတူရည်တူရှိမှု၊ နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် အမျိုးသားရေးလက္ခဏာများကို လေးစားလိုက်နာကြရမည်ဖြစ်ပြီး ဒေသတွင်းငြိမ်းချမ်းရေး၊ လုံခြုံရေး၊ သာယာဝပြောရေးတို့အတွက် သန္နိဋ္ဌာန်ချမှတ်ပြီး စုပေါင်းတာဝန်ယူကြရန်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်ဆိုသည့် အခြေခံမူကို တွေ့ရမည်ဖြစ်ပါကြောင်း၊ အာဆီယံထုတ်ပြန်ချက်ငါးရပ်ကို ပြန်လည်သုံးသပ်ကြည့်ပါက အာဆီယံနိုင်ငံအချင်းချင်း ရိုးသားမှုကိုအခြေခံပြီး ကူညီရိုင်းပင်ချင်သောစိတ်၊ ပူးပေါင်းဆောင်ရွက်လိုသောစိတ်နှင့် ဆောင်ရွက်ရန် ချဉ်းကပ်လာသည့် ပုံစံမျိုးမဟုတ်ဘဲ မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးလာပြီး မိမိနိုင်ငံ၏ ပြည်တွင်းရေးကိုပါ ဝင်ရောက်စွက်ဖက်သည့် ထုတ်ပြန်ချက်ဖြစ်သည်ကို တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေတွင် မိမိတို့နိုင်ငံအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ ရွေးကောက်တင်မြှောက်ခြင်းဖြင့် ဖွဲ့စည်းထားသည့် အစိုးရတစ်ရပ် ပေါ်ထွန်းလာပြီဖြစ်သည့်အတွက် အာဆီယံထုတ်ပြန်ချက်ငါးရပ်အပေါ် ပြန်လည်သုံးသပ်သင့်ပါကြောင်း၊ အာဆီယံထုတ်ပြန်ချက်ငါးရပ်ကို အကောင်အထည်ဖော်မည်ဆိုပါက မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာ၊ အမျိုးသားအကျိုးစီးပွားနှင့် လက်တွေ့မြေပြင်အခြေအနေများကိုပါ အလေးထားထည့်သွင်းစဉ်းစားရန် အလွန်အရေးကြီးလှသည့်အပြင် နိုင်ငံတော်၏ ပကတိအခြေအနေဖြင့် ကိုက်ညီမှုမရှိသည်ကိုလည်း တွေ့ရပါကြောင်း၊ ထို့ကြောင့် အာဆီယံနှင့်ဆက်ဆံရာတွင် မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ထိန်းသိမ်းပြီး ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးကို တိုးမြှင့်နိုင်ရန် အရေးကြီးပါကြောင်း၊ ထို့ပြင် လူသားချင်းစာနာမှု အကူအညီများ၊ ယုံကြည်မှုတည်ဆောက်ရေး ဆောင်ရွက်မှုများနှင့် အပြန်အလှန်ဆွေးနွေးပွဲများကို တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းတည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးကို အထောက်အကူပြုလာနိုင်မည်ဟု ယုံကြည်မိပါကြောင်းဖြင့် အဆိုအား ထောက်ခံဆွေးနွေးသည်။
ထို့နောက် အဆိုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်နာယက က လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ထောက်ခံမဲများပြားပြီး ကန့်ကွက်သူ ငါးဦးသာရှိသည့်အတွက် အဆိုအား လက်ခံဆွေးနွေးရန် သဘောတူကြောင်းနှင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေးပဉ္စမနေ့ကို ဇူလိုင် ၂ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
