နေမိုး
၂၇. ၆. ၂၀၂၆
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သည့် မိန်းကလေးငယ်တစ်ဦးအား သက်ငယ်မုဒိမ်းပြုကျင့် သတ်ဖြတ်ခဲ့သည့် အသက် (၂၃) နှစ်အရွယ် ပြစ်မှုကျူးလွန်သူ အမျိုးသားတစ်ဦးကို ဇွန်လ (၂၅) ရက် ညနေပိုင်းအချိန်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) က ဖမ်းဆီးရမိခဲ့သည်ဟု သတင်းထုတ်ပြန်သည်။

အဆိုပါ ပြစ်မှုကျူးလွန်သူမှာ မြို့နယ်အမှတ်(၁၉) သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာနေ စိုင်းစံ ဆိုသူဖြစ်ပြီး ယင်း၏ အဓမ္မပြုကျင့်ခံရသူ နန်းစံဟွမ်မှာ ၎င်းနှင့် ညီမဝမ်းကွဲတော်စပ်သူ ဖြစ်ကာ ကျေးရွာ တစ်ရွာတည်းတွင် နေထိုင်သူဖြစ် ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန်လ(၁၄) ရက် နေ့လယ်ပိုင်းအချိန်တွင် စိုင်းစံက ညီမဝမ်းကွဲတော်စပ်သူ နန်းစံဟွမ်အား ရွာပြင်သို့အလည်သွားရန် အကြောင်းပြ၍ ခေါ်ဆောင်သွားခဲ့ပြီး ဘော်ကြိုကျေးရွာအုပ်စု နမ့်ဟူးနွဲ့ကျေးရွာအနီးရှိ ငှက်ပျောခြံ တစ်နေရာသို့ ရောက်ရှိချိန်တွင် နန်းစံဟွမ်ကို အဓမ္မပြုကျင့်ခဲ့ကြောင်း ပြစ်မှုကျူးလွန်သူ စိုင်းစံ၏ထွက်ဆိုချက်အရ သိရသည်။

ထို့နောက် နန်းစံဟွမ်ကို လူမဆန်စွာ လည်ပင်းညှစ်သတ်ပြီး ပုလင်းကွဲဖြင့် လည်ပင်း၊ ဝမ်းဗိုက်နေရာကို အကြိမ်ကြိမ် ထိုးသတ်ကာ အလောင်းကို ငှက်ပျောပင်အောက် စွန့်ပစ်ထားခဲ့ကြောင်း ပြစ်မှုကျူးလွန်သူ၏ ဝန်ခံထွက်ဆိုချက်နှင့် လိုက်လံပြသမှုအရ သိရသည်။
နန်းစံဟွမ် ပျောက်ဆုံးနေမှုနှင့်ပတ်သက်၍ ၎င်းမိဘများက ဇွန်လ(၂၅) ရက်နေ့တွင် SSPP/SSA ထံ လာရောက် တိုင်ကြားခဲ့ပြီးနောက် ချက်ချင်း စုံစမ်း ဖော်ထုတ်ခဲ့ရာ ယင်းနေ့အတွင်းပင် ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိခဲ့သည်။

ထို့အပြင် ပြစ်မှုကျူးလွန်သူ၏ ဝန်ခံထွက်ဆိုချက်အရ သေဆုံးသူ၏ရုပ်အလောင်းအား ငှက်ပျောရွက်များဖြင့် ဖုံးအုပ်ပြီး ငှက်ပျော်ပင်တစ်ပင်အောက်တွင် စွန့်ပစ်ထားသည့်နေရာကို ၎င်းကိုယ်တိုင် လိုက်လံပြသခဲ့ပြီး သက်သေအထောက်အထားပစ္စည်း များကိုလည်း တာဝန်ရှိသူများက စုဆောင်းထိမ်းသိမ်းထားခဲ့ပြီးကျူးလွန်သူ တရားခံကို ဆက်လက်စုံစမ်း စစ်ဆေးကာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
