သက်တံ့
၂၇. ၆. ၂၀၂၆
လက်ရှိအစိုးရသစ် တာဝန်ယူထားသည့် ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးဆပ်ကော်မတီ ၇ ခုအတွက် ရန်ပုံငွေ ၁၃၉၇ ဘီလီယံခွင့်ပြုပေးထားပြီး ဒေသဆိုင်ရာလုပ်ငန်းကော်မတီ ၉ ခုအတွက်လည်း ရန်ပုံငွေ ၆၄၃ ဒသမ ၆၈ ဘီလီယံကိုခွင့်ပြုပေးထားကြောင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဗဟိုကော်မတီသည် ယခင် ၁၉၈၉ ခုနှစ် နဝတခေတ်ကတည်းက ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုအချိန်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးလက်မှတ် ရေးထိုးပြီးချိန်တွင် ငြိမ်းချမ်းရေးယူခဲ့သည့်နယ်မြေများတွင် အကြောင်းအမျိုးမျိုးကြောင့် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျကျန်ရစ်ခဲ့ပြီး အဆိုပါနယ်စပ်ဒေသများ၊ တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ပေးနိုင်ရန် ဗဟိုကော်မတီဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုအချိန်မှစတင်၍ အစိုးရအဆက်ဆက် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းများ ပီပီပြင်ပြင်ဖြစ်သည်များရှိသကဲ့သို့ အကြောင်းအမျိုးမျိုးကြောင့် အောင်မြင်မှုမရှိသည့်လုပ်ငန်းများလည်း ရှိခဲ့ကြောင်း၊ အဓိကအားဖြင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ လူမှုစီးပွားဘဝဆိုရာတွင် ပြည်သူတစ်ဦးချင်း ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ ဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်မှဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတက မှာကြားသည်။
နယ်စပ်ဒေသအများစုသည် သွားလာရန်ခက်ခဲခြင်း၊ ဆက်သွယ်မှုခက်ခဲခြင်း၊ တောတောင် ထူထပ်သည့်နေရာ၊ မြစ်ချောင်းအင်းအိုင်ပေါများသည့်ဒေသများ၊ လူဦးရေနည်းပါးသည့်နယ်မြေ၊ ဘာသာစကားကွဲပြားသည့်နေရာများဖြင့် နိုင်ငံ့ဝန်ထမ်းများ အရောက်အပေါက်နည်းပါးသည့် အတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးအပါအဝင် အဘက်ဘက်မှဖွံ့ဖြိုးတိုးတက်မှု အားနည်းခဲ့ပြီး အဆိုပါအခက်အခဲများကို လက်နက်ကိုင်ပဋိပက္ခများကြောင့် အဆင်ပြေအောင် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိကြောင်း၊ ၁၉၈၈ ခုနှစ် နိုင်ငံရေးပဋိပက္ခဖြစ်ပွားချိန်တွင် နိုင်ငံတော် အစိုးရက ထိန်းကျောင်းနိုင်မှုမရှိတော့သဖြင့် တပ်မတော်မှ နိုင်ငံတော်တာဝန်ကို မလွှဲသာမရှောင်သာ ဝင်ရောက်ထိန်းသိမ်းထမ်းဆောင်ခဲ့ရသည်ကို သမိုင်းမှတ်တမ်းများတွင် တွေ့မြင်နိုင်ကြောင်း၊ တပ်မတော်မှတာဝန်ယူပြီးနောက်ပိုင်းတွင် ပြည်သူလူထုတောင်းဆိုသည့် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရန် ဆောင်ရွက်ပေးမည်ဟု ကတိပြုပြောကြားခဲ့ပြီး တိုင်းရင်းသားအရေးကို ဖြေရှင်းနိုင်ရန်အတွက်လည်း ၁၉၈၉ ခုနှစ်တွင် ငြိမ်းချမ်းရေးဆွေးနွေးကာ အပစ်အခတ်ရပ်စဲခဲ့ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို တပ်မတော်၏ကွပ်ကဲမှုအောက်တွင် နိုင်ငံတော်၏ ကာကွယ်ရေးစွမ်းပကားအဖြစ် ဖွဲ့စည်းသိမ်းသွင်းဆောင်ရွက်ရန် လုပ်ဆောင်ခဲ့ရာ လက်ခံသည့်အဖွဲ့များရှိသကဲ့သို့ လက်မခံသည့်အဖွဲ့များလည်းရှိကြောင်း၊ ၂၀၁၀ ပြည့်နှစ် ပထမဒီမိုကရေစီအစိုးရသက်တမ်းကာလတွင် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို အကြိမ်ပေါင်းများစွာ ဆောင်ရွက်ခဲ့ကြောင်း၊ အချို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ နောက်တွင် ပြည်ပနိုင်ငံများနှင့် အဖွဲ့အစည်းများက ကြိုးကိုင် ခြယ်လှယ်ဆောင်ရွက်မှုများရှိသဖြင့် အခက်အခဲများအကြားမှ အကြိမ်ကြိမ်ဆွေးနွေးခဲ့ပြီး နောက်ဆုံးတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို အချို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ ထိုအချိန်တွင် တိုင်းရင်းသားဒေသများဖွံ့ဖြိုးတိုးတက်ရေးအတွက် အတိုင်းအတာတစ်ခုအထိ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် ဒီမိုကရေစီ ဒုတိယအစိုးရသက်တမ်းကာလတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ကြောင်း၊ တိုင်းရင်းသားဒေသများတွင် ငြိမ်းချမ်းမှုမရှိသည့် ဒေသများ၌ ဖွံ့ဖြိုးတိုးတက်မှုများ နောက်ကျခဲ့ရကြောင်း၊ ဗဟိုကော်မတီအနေဖြင့် နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး မိမိတို့သမိုင်းကို သိရှိအောင် ပြောကြားရခြင်းဖြစ်ကြောင်းလည်း ဦးမင်းအောင်လှိုင်က ပြောကြားသည်။
ထို့အပြင် ပြည်သူလူထု၏ တောင်းဆိုချက်များတွင် လူမှုစီးပွားဘဝများ တိုးတက်လိုကြကြောင်း၊ လူများသည် ရေကြည်ရာမြက်နုရာကို ရှာဖွေကြသဖြင့် မိမိတို့ဒေသတွင် အလုပ်အကိုင်များရရှိပြီး ဒေသဖွံ့ဖြိုးတိုးတက်မည်ဆိုပါက အခြားနေရာများသို့ သွားရောက်နေထိုင်မှုများ နည်းပါးသွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နယ်စပ်ဒေသတိုင်းရင်းသားများ၏ ဆူကြုံနိမ့်မြင့်ကွာခြားမှုများကို နည်းပါးအောင်ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ အဆိုပါဒေသများအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် မဖြစ်မနေလိုအပ်ကြောင်း၊ တစ်ဖက်မှ ငြိမ်းချမ်းရေးကိုဖိတ်ခေါ်ဆောင်ရွက်ပြီး တစ်ဖက်မှလည်း ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် အဆိုပါဒေသများတွင် အားနည်းချက်များရှိနေသည့် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝများ မြှင့်တင်နိုင်သည့် လူ့စွမ်းအားအရင်းမြစ်များရှိလာရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် လမ်းပန်းဆက်သွယ်မှုများနှင့် ဆက်သွယ်မှုများလည်း ယခုထက်ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ ပညာရေးနှင့် ကျန်းမာရေးအတွက် လိုအပ်သည့် လူသားအရင်းအမြစ်များ ရောက်ရှိစေရေးအတွက် ပြည်ထောင်စုမှ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်လည်း ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ သက်ဆိုင်ရာကဏ္ဍအလိုက် ထိထိရောက်ရောက် တိုးတက်မှုရှိစေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ အသိပညာများတိုးတက်အောင်၊ ကျန်းမာရေးကောင်းမွန်အောင် ဖြည့်ဆည်း ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ဒေသအလိုက် ကုန်ထုတ်လုပ်မှုများကိုဆောင်ရွက်ပြီး စားသောက် ကုန်များ ဖူလုံအောင် ဆောင်ရွက်ပေးကြရန် လိုကြောင်း၊ နယ်စပ်ဒေသတိုင်းရင်းသားများအနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းသည် တစ်နိုင်ငံလုံးနှင့်သက်ဆိုင်သည့်ကိစ္စရပ်ဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါဒေသများ၌ စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်သည့် ကျွမ်းကျင်ပညာရှင်များ ထွက်ပေါ်လာစေရေးအတွက်လည်း ဆောင်ရွက်ပေးရန်လိုကြောင်း၊ တိုင်းရင်းသားဖွံ့ဖြိုးရေးတက္ကသိုလ်၊ ဒီဂရီကောလိပ်များသို့ တက်ရောက်ခဲ့သည့် တိုင်းရင်းသားကျောင်းသား ကျောင်းသူများအနေဖြင့်လည်း ပညာရပ်များသင်ကြားပြီးဆုံးသည့်အချိန်တွင် ၎င်းတို့ဒေသ၌ပင် သက်ဆိုင်ရာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတာဝန်များကို ဝင်ရောက်ထမ်းဆောင်နိုင်ရန်လိုကြောင်း၊ အဓိကအားဖြင့် လူသားအရင်းအမြစ်လိုအပ်ချက်သည် အရေးကြီးသဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်ဖွင့်လှစ် ပေးထားသည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးသင်တန်းကျောင်းများတွင် ကျောင်းသား ကျောင်းသူများ တက်ရောက်ပညာသင်ကြားကြစေရေး စည်းရုံးဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၏အနာဂတ်အတွက် အရေးကြီးသည့်ကိစ္စရပ်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတည်ငြိမ်အေးချမ်းရန်အတွက် ဘက်ပေါင်းစုံမှ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံကောင်းအောင် ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနအလိုက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မည်ကဲ့သို့ ဆောင်ရွက်သင့်သည်ကို စဉ်းစားဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့အစိုးရအဖွဲ့ တာဝန်ယူပြီးနောက်ပိုင်းတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေးဆပ်ကော်မတီ ၇ ခုအတွက် ရန်ပုံငွေ ၁၃၉၇ ဘီလီယံခွင့်ပြုပေးထားပြီး ဒေသဆိုင်ရာလုပ်ငန်းကော်မတီ ၉ ခုအတွက်လည်း ရန်ပုံငွေ ၆၄၃ ဒသမ ၆၈ ဘီလီယံကိုခွင့်ပြုပေးထား ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာကဏ္ဍများအလိုက် စံချိန်စံညွှန်းနှင့်ညီညွတ်အောင် ဟန်ချက်ညီညီဖြင့် ဆောင်ရွက်သွားမည်ဆိုပါက လုပ်ငန်းများ အောင်မြင်မည်ဖြစ်ကြောင်း၊ တာဝန်ရှိသည့်ကော်မတီဝင်များအနေဖြင့် စုပေါင်းအားဖြင့် အလေးထားဆောင်ရွက်သွားကြရန် လိုကြောင်း နိုင်ငံတော်သမ္မတက ဆက်လက်ပြောကြားသည်။
