
၁၅.၅.၂၀၂၆
Written by Nay Yaung Lin & KL
လေးခန်းတွဲ သုံးထပ်တိုက် ပထမထပ် မီးဖိုခန်း၏ အပေါ်ထပ်စလပ်ပြိုကျရာမှ အဘွားအိုတစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု ယနေ့ မေလ ၁၅ ရက် နံနက် ၅နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊အမှတ်(၈) ရပ်ကွက်၊ ၃၉လမ်း(အလယ်ဘလောက်) တွင်ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူများထံမှ သိရသည်။
အလျား ၁၀ ပေ၊ အနံ ၁၂ ပေရှိ အမိုးစလပ်ပြိုကျခဲ့ခြင်းဖြစ်ပြီး အသက် ၆၅ နှစ်အရွယ် အဘွားအို ဒေါ်စန်းစန်းမြင့်တွင် ခါးအောက်ပိုင်း ပိမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။





စလပ်အမိုးပိမိသူ အဘွားအိုကို မိနစ်၂၀ ခန့်ကြာ ကယ်ထုတ်ခဲ့ရပြီး ကျောက်တံတားအရန်မီးသတ်တပ်ဖွဲ့မှ သူနာတင်ယာဥ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။
မိသားစုဝင်တစ်ဦးက “အဘွားက မီးဖိုခန်းထဲကို ရေခပ်မလို့ဆိုပြီး ဝင်သွားတဲ့အချိန်မှာ အပေါ်ထပ်ကနေ ပြိုကျတာ။ အဘွား ခါးနဲ့ ခြေထောက်မှာ ဒဏ်ရာရသွားတယ်။ ခေါင်းလည်း ကွဲတယ်။ မီးသတ်က လူကြီးတွေရောက်လာပြီး ကူညီသယ်ထုတ်ပေးပါတယ် ” ဟု ပြောသည်။
အဆိုပါ မီးဖိုခန်းပြိုကျမှုဖြစ်ပွားခဲ့သည် အထပ်မြင့်တိုက်မှာ သက်တမ်းရင့်အဆောက်အဦဖြစ်သော်လည်း သက်တမ်းအတိအကျကိုမူ မသိရှိကြောင်း အဆိုပါလမ်းအတွင်း နေထိုင်သူများထံမှ သိရသည်။
ပြီးခဲ့သည့် မေလ ၉ ရက်၊ နံနက် ၁၁ နာရီခန့်ကလည်း ပဲခူးတိုင်းဒေသကြီး၊ ဥသျှစ်ပင်မြို့၊ ရွှေပင်ရပ်ကွက်တွင် ဆောက်လက်စ အုတ်ညှပ်နှစ်ထပ်နေအိမ်၏ စလပ်အမိုး၀ရန်တာပြိုကျပိမိရာမှ အမျိုးသမီးတစ်ဦးသေဆုံးခဲ့သည်။
