ဓာတ်ပုံ - လောက ဟိတာ ဝဟ လူမှုကူညီရေးအဖွဲ့ (ကျီတော်)
သက်တံ့
၂၇. ၆. ၂၀၂၆
ပုဇွန်တောင်ချောင်းအတွင်းသို့ ယမန်နေ့ နေ့လယ်ပိုင်းအချိန် လူငယ်လေးဦး ရေဆင်းကူးရာမှ နှစ်ဦးရေနစ်သွားသည့်အနက် တစ်ဦး၏ ရုပ်အလောင်းသာ ပြန်ရှာတွေ့ခဲ့ကာ ကျန်တစ်ဦးမှာ ယနေ့အထိ ပြန်မတွေ့သေးကြောင်း သိရသည်။
ဖြစ်စဥ်မှာ ယမန်နေ့ နေ့လယ် ၂ နာရီ ၄၅ မိနစ်အချိန်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ် စက်ဆန်းရပ်ကွက်၊ Pro 1 နောက်ကျောဘက်ရှိ ပုဇွန်တောင်ချောင်းအတွင်း ရေဆင်းကူးကြသော လူငယ် (၄) ဦးအနက် နှစ်ဦးရေနစ်ရာ တစ်ဦးအား Pro 1 ဝင်း မှ Famer သင်္ဘောကုန်းပတ်လုပ်ငန်းမှ ဝန်ထမ်းများမှ ရုပ်အလောင်း အဖြစ်ဆယ်ယူရရှိခဲ့ကြောင်း လောကဟိတာ ဝဟ လူမှုကူညီရေးအဖွဲ့ (ကျီတော်) ၏ ကူညီဆောင်ရွက်ပေးမှုအရ သိရသည်။
သို့သော် အသက် (၁၅) နှစ်ခန့် လူငယ်အမျိုးသားတစ်ဦးမှာ ယခုအထိ ရေနစ်ပျောက်ဆုံးနေဆဲဖြစ်ပြီး ပုဇွန်တောင်ချောင်းရေတက်နေသဖြင့် ရှာဖွေမှု ရပ်ဆိုင်းထားရပြီး အလောင်းပေါ်ချိန် စောင့်ဆိုင်းကြည့်ရှုနေကြောင်းလည်း ကူညီပေးသည့်ပရဟိတအဖွဲ့ဝင်တစ်ဦးထံမှ စုံစမ်းသိရသည်။
ရေနစ်သေဆုံးသူမှာလည်း ၁၆ နှစ်ခန့်အရွယ် လူငယ်ဖြစ်ပြီး ထိုရုပ်အလောင်းကို သက်ဆိုင်ရာနှင့်ချိတ်ဆက်၍ သပြေကုန်းအသင်း နိဗ္ဗာန်ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီခဲ့ကြကြောင်း၊ ထိုဖြစ်စဉ်ကို မြို့နယ် မီးသတ်တပ်ဖွဲ့မှူး၊ လောက ဟိတာ ဝဟ လူမှုကူညီရေးအသင်း၊ ပီတိမေတ္တာ အသင်းနှင့် သပြေကုန်းအသင်းတို့ ပူးပေါင်းကူညီခဲ့ကြကြောင်း သိရသည်။
ဓာတ်ပုံ – လောက ဟိတာ ဝဟ လူမှုကူညီရေးအဖွဲ့ (ကျီတော်)



