၉.၆.၂၀၂၆
Written by Linn Eain
“နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံခရီးစဉ်အပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း အဆို” ကို မဲဆန္ဒနယ်အမှတ်(၁) ဗဟန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဆုရည်ဇော်က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းခဲ့ပြီး လွှတ်တော်က မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။
ဇွန် ၉ ရက်၊ နံနက် ၁၀ နာရီတွင် စတင်ကျင်းပသည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဆုရည်ဇော်က တင်သွင်းခဲ့ခြင်းဖြစ်သည်။
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဆုရည်ဇော်က ” နိုင်ငံတော်သမ္မတကြီး၏ အိန္ဒိယသမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ်အတွင်း အောင်မြင်မှုများရရှိခဲ့သည့်အပေါ် လှိုက်လှဲဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ယူပါကြောင်းနှင့် နှစ်နိုင်ငံချစ်ကြည်ရေး အဓွန့်ရှည်တည့်တံခိုင်မြဲပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်းဖြင့် နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံခရီးစဉ်အပေါ် ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် လှိုက်လှဲစွာကြိုဆိုပါကြောင်းအဆိုကို တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေအရ ၁၁၂ အရ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က မှတ်တမ်းတင်အတည်ပြုပေးနိုင်ပါရန် လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် လွှတ်တော်သို့ လေးစားစွာတင်သွင်းအပ်ပါတယ် ” ဟု တိုင်းဒေသကြီးလွှတ်တော်သို့ အဆိုတင်သွင်းဖတ်ကြားခဲ့သည်။
အဆိုပါ အဆိုကို မှတ်တမ်းတင်ရန် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များထံ သဘောထားဆန္ဒကောက်ခံခဲ့ရာ ကိုယ်စားလှယ်များအားလုံးက သဘောတူသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးဌေးအောင်က “လွှတ်တော်မှ သဘောတူသည့်အတွက် မဲဆန္ဒနယ်အမှတ်(၁) ဗဟန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဆုရည်ဇော်တင်သွင်းသော နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံခရီးစဉ်အပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း အဆိုကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာပါတယ်” ဟု လွှတ်တော်တွင် ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီ၏ ဖိတ်ကြားချက်အရ မေ ၃၀ ရက်မှ ဇွန် ၃ ရက်အထိ အိန္ဒိယနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေး ခရီးစဉ်သွားရောက်ခဲ့သည်။



