၂၇.၆.၂၀၂၆
Written by Linn Eain
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအေဂျင်စီများနှင့် တွေ့ဆုံခဲ့ပြီး အကူအညီလိုအပ်နေသော ပြည်သူများထံသို့ လူသားချင်းစာနာမှု အကူအညီများ ထိရောက်စွာ ရောက်ရှိရန် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အပြုသဘောဆောင်ပြီး နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှုမရှိသော ကြားနေမူဝါဒဖြင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် တိုက်တွန်းကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး/ လူသားချင်းစာနာမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂအေဂျင်စီများမှ ကိုယ်စားလှယ်များကို ဇွန် ၂၆ ရက်က နိုင်ငံခြားရေးဝန်ကြီးဌာန၊ စတုရင်္ဂဗလခန်းမ၌ တွေ့ဆုံစဉ် ထိုသို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုများ၊ နိုင်ငံတော်အစိုးရ၏ ရှေ့လုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် လမ်းဖွင့်ဖိတ်ကြားထားသည့်အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် လူသားချင်းစာနာမှုအကူအညီများကို အမှန်တကယ်လိုအပ်သူများထံသို့ ခွဲခြားမှုမရှိ ဖြန့်ဝေပေးနိုင်ရေးအတွက် အလေးထားကြောင်း၊ ကုလသမဂ္ဂအေဂျင်စီများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ လူသားချင်းစာနာမှုအကူအညီပေးမှုများကို အကောင်းဆုံးပူးပေါင်းဆောင်ရွက်နေကြောင်း၊ လုံခြုံရေးဆောင်ရွက်ပေးနိုင်သည့် ဒေသအားလုံးသို့ သွားရောက်ခွင့်ပေးလျက်ရှိကြောင်း၊ ကုလသမဂ္ဂအေဂျင်စီများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ခရီးသွားလာခြင်းနှင့်ပတ်သက်၍ လုံခြုံရေးကိစ္စကို အလေးထားစီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂအေဂျင်စီများနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကုလသမဂ္ဂအေဂျင်စီများအနေဖြင့်လည်း လူသားချင်း စာနာမှုအကူအညီများ ပေးအပ်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် စဉ်ဆက်မပြတ် နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ အကူအညီလိုအပ်နေသော ပြည်သူများထံသို့ လူသားချင်းစာနာမှု အကူအညီများ ထိရောက်စွာ ရောက်ရှိရန် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အပြုသဘောဆောင်ပြီး နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှုမရှိသော ကြားနေမူဝါဒဖြင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် တိုက်တွန်းကြောင်း ပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး/ လူသားချင်းစာနာမှု ဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး၊ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအေဂျင်စီများအနက်မှ UNICEF ၊ UNHCR ၊ UN Women တို့မှ ဌာနေကိုယ်စားလှယ်များ၊ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးရုံး၊ IOM နှင့် UNOCHA တို့မှ ရုံးအကြီးအကဲများ၊ WHO ၊ UNFPA ၊ UNOPS ၊ WFP ၊ FAO ၊ UNDP တို့မှ ဒုတိယကိုယ်စားလှယ်များ၊ ယာယီရုံးတာဝန်ခံများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ကြံ့ကြံ့ခံနိုင်ရည်ရှိသော စီးပွားရေးနှင့် ပြည်သူများအတွက် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကူအညီများကိုလည်း ပံ့ပိုးပေးနိုင်ရေး ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ကုလသမဂ္ဂအေဂျင်စီများက ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံအတွင်း သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်နေသည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။
