သက်တံ့
၂၇. ၆. ၂၀၂၆
စိုက်ပျိုးရေးနှင့်ဆက်စပ်လျက်ရှိသည့် မွေးမြူရေးလုပ်ငန်းများကိုလည်း ထိထိရောက်ရောက် ဟန်ချက်ညီညီဆောင်ရွက်မည်ဆိုပါက စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်နေသည့် လူဦးရေ ၅၀ ရာခိုင်နှုန်းခန့်၏ ဝင်ငွေများတိုးတက်လာပြီး လူမှုစီးပွားဘဝများ တိုးတက်လာမည်မှာ မလွဲမသွေပင်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယမန်နေ့တွင် ကျင်းပသည့် လက်ရှိအစိုးရအဖွဲ့ တာဝန်ယူဆောင်ရွက်ချိန်အတွင်း ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သည့် စားရေရိက္ခာမူဝါဒကော်မရှင်အစည်းအဝေးတွင် ထည့်သွင်းပြောကြားသည်။

မိမိတို့နိုင်ငံတွင် လူဦးရေ ၅၁ သန်းကျော်ရှိပြီး ၇၀ ရာခိုင်နှုန်းမှာ ကျေးလက်ဒေသတွင် နေထိုင်ကြပြီး အဓိကအားဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် လယ်၊ တောင်ယာ၊ ယာစသည်ဖြင့် အစုစုသော စိုက်ပျိုးဧက ၃၃ သန်းကျော်ရှိကြောင်း၊ စပါး စိုက်ပျိုး ဧက ၁၅ သန်း၊ ပြောင်းစိုက်ပျိုးဧက ၁ ဒသမ ၉ သန်း၊ ပဲမျိုးစုံစိုက်ပျိုးဧက ၂ ဒသမ ၇ သန်းနှင့် နှမ်းစိုက်ပျိုး ဧက ၄ သန်းစသည်ဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ စိုက်ပျိုးရေးနှင့်ဆက်စပ်လျက်ရှိသည့် မွေးမြူရေးလုပ်ငန်းများကိုလည်း ထိထိရောက်ရောက် ဟန်ချက်ညီညီဆောင်ရွက်မည်ဆိုပါက စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်နေသည့် လူဦးရေ ၅၀ ရာခိုင်နှုန်းခန့်၏ ဝင်ငွေများတိုးတက်လာပြီး လူမှုစီးပွားဘဝများ တိုးတက်လာမည်မှာ မလွဲမသွေပင်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် စားရေရိက္ခာဖူလုံရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
မိမိတို့နိုင်ငံတွင် နေ့စဉ်အသုံးပြုနေရသည့် စားကုန်၊ သောက်ကုန်နှင့် သုံးကုန်များရှိကြောင်း၊ အဆိုပါရိက္ခာတွင် ပါဝင်သော နေ့စဉ်လိုအပ်လျက်ရှိသည့် စားကုန်၊ သောက်ကုန်၊ သုံးကုန်များကို ပြည်တွင်း၌ လုံလောက်စွာဖြင့် ရရှိရေး ပြည်တွင်းကုန်ထုတ်လုပ်မှုများဖြင့် ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ရေနှင့်ပတ်သက်၍ “ထမင်းအသက်ခုနစ်ရက် ရေအသက်တစ်မနက်” ဟု ဆိုရိုးရှိကြောင်း၊ ထို့ကြောင့် ရေလုံလောက်စွာရရှိရေး မိမိတို့အနေဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိုးရွာသွန်းမှုမှ ရရှိသည့်ရေ၊ ချောင်းရေ မြောင်းရေနှင့် မြစ်ရေ၊ ဆည်မြောင်းတာတမံများမှ ရရှိသည့်ရေနှင့် မြေအောက် ရေဟူ၍ရှိကြောင်း၊ အဆိုပါရေများကို နိုင်ငံတော်အတွက် အကျိုးရှိစွာအသုံးချနိုင်ရေး၊ နိုင်ငံတော်အတွက် အရန်ရေရရှိရေး မည်သို့ဆောင်ရွက်မည်ကို မူဝါဒများ ချမှတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ရေအသုံးချမှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံရှိ မြစ်ချောင်းများမှရေများ၏ ၂၀ ရာခိုင်နှုန်းခန့်ကိုသာ အကျိုးရှိရှိသုံးစွဲနိုင်သည်ကိုတွေ့ရပြီး ကျန်ရှိသည့် ၈၀ ရာခိုင်နှုန်းခန့်မှာ ပင်လယ်အတွင်းသို့ စီးဆင်းသွားခြင်းဖြစ်ကြောင်း၊ အပင်များရှင်သန်ကြီးထွားရန်အတွက် ရေသည် မဖြစ်မနေလိုအပ်ကြောင်း၊ ထို့ကြောင့် မြစ်ချောင်းများမှ စိုက်ပျိုးရေများရရှိရေးအတွက် နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင်စီမံကိန်းများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ကြောင်း၊ စိုက်ပျိုးရေများ လုံလောက်စွာ ရရှိနိုင်မည်ဆိုပါက သီးနှံများကို ရာသီမရွေး အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးနိုင်ပြီး သီးထပ်စွမ်းအားများလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ မြစ်ချောင်းများတွင် နှစ်စဉ်ရေကြီးရေလျှံမှုများနှင့် ရေစီးကြောင်း ပြောင်းလဲမှုများကြောင့် နုန်းပို့ချမှုများ ဖြစ်ပေါ်ကာ မြစ်ချောင်းကြမ်းပြင်များ မြင့်တက်ခြင်းနှင့် အချို့နေရာများတွင် တရားမဝင်ရွှေတူးဖော်ခြင်းများ ဆောင်ရွက်ခြင်းများကြောင့် နုန်းတင်ခြင်းများ ဖြစ်ပေါ်ပြီး မြစ်ချောင်းများ တိမ်ကောခြင်း များဖြစ်ပေါ်လာကြောင်း၊ ထို့ကြောင့် မြစ်ချောင်းများကို ပြန်လည်ဆယ်တင်ခြင်းနှင့် ရေလမ်းထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နွေရာသီကာလ စိုက်ပျိုးရေရရှိရန်အတွက် ချောင်းပိတ်၊ မြောင်းပိတ်ရေလှောင်ကန်များ တည်ဆောက်ခြင်း၊ သဲချောင်းများတွင် မြေအောက်တမံများ တည်ဆောက်ခြင်း ဆောင်ရွက်နိုင်သကဲ့သို့ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ချောင်းများ မြောင်းများပတ်ဝန်းကျင်တွင် စိမ်းလန်းစိုပြည်မှုများ ဖြစ်ပေါ်လာပြီး မြေအောက်ရေကိုလည်း ထိုက်သင့်သလောက် ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် ရေကိုအကျိုးရှိစွာသုံးစွဲနိုင်ရေးနည်းလမ်းများ ရှာဖွေဆောင်ရွက်သွားရန်လိုကြောင်း၊ မိုးရေများကိုလည်း သိုလှောင်၍သုံးစွဲရန်လိုကြောင်း၊ ရေကို အဟောသိကံသုံးစွဲမှုမရှိစေရေး ရေသုံးစွဲမှုစနစ်များ မှန်ကန်ရန်နှင့် ရေကိုစနစ်တကျအသုံးချနိုင်ရေး မူဝါဒချမှတ် ဆောင်ရွက်သွားရန်လိုကြောင်းလည်း နိုင်ငံတော်သမ္မတက မှာကြားသည်။
ထို့အပြင် ရိက္ခာနှင့်ပတ်သက်၍ တိုက်ရိုက်စားကုန်မဟုတ်သည့် ပစ္စည်းများကို လုံလောက်စွာထုတ်လုပ်နိုင်ရန်လိုကြောင်း၊ နိုင်ငံအတွက် ဝမ်းစာဖူလုံရေးသည် အဓိကမူဝါဒဖြစ်ကြောင်း၊ ဝမ်းစာဟုဆိုရာတွင် စားသောက်ရန်လိုအပ်သည့် စားကုန်အားလုံး သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ပြည်တွင်း၌ပင် ဖူလုံအောင်ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ အချို့ဒေသများတွင်မရှိသည့် စားကုန်များကို အခြားထွက်ရှိသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ဖြန့်ခွဲပေးပို့ရခြင်းဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အဆိုပါအခြားဒေသများသို့ ပေးပို့ရသည့်စားကုန်များကို ပြည်တွင်း၌ လုံလောက်စွာရရှိစေရေး ကြိုးပမ်းဆောင်ရွက်ပြီး ပြည်တွင်းစားရေရိက္ခာ ဖူလုံမှုရှိအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ထို့ကြောင့် မိမိတို့ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် စိုက်ပျိုး၍ဖြစ်ထွန်းသည့် အသီးအနှံများကို ပြည်တွင်းဖူလုံမှုရှိအောင် စိုက်ပျိုးသွားနိုင်ရေး မူဝါဒအဖြစ် ဆောင်ရွက်သွားရန်လိုကြောင်းလည်း မှာကြားသည်။
အလားတူ ပြည်ပသွင်းကုန်အစားထိုးရေးနှင့်ပတ်သက်၍ စားသုံးဆီများကို ပြည်ပမှ နှစ်စဉ်တင်သွင်းနေရကြောင်း၊ မိမိတို့နိုင်ငံတွင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ ပန်းနှမ်း၊ နေကြာ၊ ဆီမုန်ညင်း၊ ပဲပုပ်၊ ဆီအုန်းစသည်ဖြင့် ဒေသအလိုက် စိုက်ပျိုးဖြစ်ထွန်းကြောင်း၊ ထို့ကြောင့် ပြည်တွင်းစားသုံးဆီ လုံလောက်စွာ ထုတ်လုပ်နိုင်ရေး မူဝါဒချမှတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဂျုံကိုလည်း ပြည်ပမှ နှစ်စဉ်တင်သွင်းနေရသဖြင့် ပြည်တွင်းဂျုံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် တစ်ဧကပန်းတိုင်ရည်မှန်းချက်များ ပြည့်မီစေရေး မူဝါဒချမှတ်ထားရှိကြောင်း၊ စိုက်ပျိုးရေးသုတေသနဌာနအနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံး သုတေသနပြုထားသည့် အချက်အလက်များနှင့် နိုင်ငံတကာမှ သုတေသနပြုထားသည့် အချက်အလက်များကို နှိုင်းယှဉ်သုံးသပ်စနစ်တကျတွက်ချက်၍ အဆိုပါပန်းတိုင်ရည်မှန်းချက်များကို သတ်မှတ်ထားခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် နည်းလမ်း လေးသွယ်ဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ မျိုးကောင်းရန်၊ မြေပြုပြင်ခြင်းဆောင်ရွက်ရန်၊ စိုက်ပျိုးရေနှင့် အောင်ရေလုံလောက်စွာ ရရှိရန်နှင့် နည်းစနစ်တကျစိုက်ပျိုးရန်လိုကြောင်း၊ အလားတူ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့် တိရစ္ဆာန်များကို ရွေးချယ်မွေးမြူရန်၊ အရည်အသွေးပြည့်မီသည့် တိရစ္ဆာန်အစာများ ကျွေးမွေးရန်နှင့် သန့်ရှင်းသော သောက်သုံးရေလုံလောက်စွာ တိုက်ကျွေးရန်၊ နည်းစနစ်တကျ မွေးမြူဆောင်ရွက်သွားရန် လိုကြောင်း၊ သို့မှသာ ဈေးကွက်ဝင်အရွယ်အစားနှင့် အထွက်နှုန်းကောင်းမွန်ပြီး စီးပွားဖြစ်ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ စားရေရိက္ခာဖူလုံရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်နိုင်ရန်အတွက် လုပ်ငန်းကော်မတီဖွဲ့စည်းပြီး မဟာဗျူဟာများချမှတ်၍ ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် စိုက်ပျိုးဧက ၃၃ သန်းရှိပြီး မိမိတို့နိုင်ငံအတွက် လုံလောက်မှုရှိကြောင်း၊ စိုက်ပျိုးဧကများတိုးချဲ့ခြင်းထက် မြေကိုအကျိုးရှိရှိ အသုံးချ၍ အထွက်နှုန်းများပိုမိုတိုးတက်အောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ အဓိကအားဖြင့် ရိက္ခာဖူလုံအောင် ဆောင်ရွက်ရာတွင် တစ်ဧကပန်းတိုင်အထွက်နှုန်း တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်သကဲ့သို့ သီးထပ် စွမ်းအားများ တိုးတက်ကောင်းမွန်စေရေးအတွက်လည်း ဆောင်ရွက်သွားရန်လိုကြောင်း၊ ယာစိုက်ပျိုး ရေး လုပ်ငန်းများတွင် စိုက်ပျိုးရေရရှိအောင် ဆောင်ရွက်ပြီး သီးထပ်စွမ်းအားများ တိုးတက်ရေး ဆောင်ရွက်နိုင်ကြောင်း၊ စစ်ကိုင်း၊ မန္တလေးနှင့် မကွေးစသည့် တိုင်းဒေသကြီးတို့တွင် ယာစိုက်ပျိုးမှုများ များပြားကြောင်း၊ ယာမြေများကို မြေပြုပြင်ခြင်းများ ဆောင်ရွက်၍ အသွင်ပြောင်းလယ်များအဖြစ် ဆောင်ရွက်ပြီး မြစ်ရေတင်စီမံကိန်းများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး မူဝါဒချမှတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ စိုက်ပျိုးရေလုံလောက်စွာ ရရှိနိုင်သည့်ဒေသများတွင် သီးထပ်စွမ်းအားကို ၃၀၀ ရာခိုင်နှုန်းအထိ ရရှိအောင် အဆင့်ဆင့် ကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်းလည်း နိုင်ငံတော်သမ္မတက မှာကြားခဲ့သည်။
