



နေမိုး
၂၄. ၆. ၂၀၂၆
အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် အကြောက်တရားများလွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်၊ ကျေး ရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ ရှော့တိုက်ဒုံးများ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိရာ ယခုလည်း ရွှေကူမြို့နယ်နှင့် ဘီးလင်းမြို့နယ်တို့တွင် KIA နှင့် PDF တို့က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ ပြည်သူနှစ်ဦး သေဆုံးကာ ကလေးငယ်တစ်ဦးအပါအဝင် သုံးဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇွန် ၂၂ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ပြည်သူ့ဆေးရုံ၌ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိသူများရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် ရွှေကူမြို့နယ်၊ တူးချောင်းကျေးရွာသို့ KIA သောင်းကျန်းသူအဖွဲ့နှင့် PDF ပူးပေါင်းအဖွဲ့က အများပြည်သူ ထိခိုက်စေရန်ရည်ရွယ်၍ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်းသို့ ရှော့တိုက်ဒုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာအနီး ရောက်ရှိနေကြသည့် ရွှေကူမြို့၊ အမှတ်(၄)ရပ်ကွက်နေ ဦးဇင်မင်းထက် (၃၉)နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး တူးချောင်းကျေးရွာနေ ဦးသန့်ဇင်(၃၆)နှစ်တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ည ၇ နာရီ ၁၀ မိနစ်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူများ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ညနေ ၅ နာရီ ၁၅ မိနစ်တွင် ဘီးလင်းမြို့နယ်၊ ပဏ္ဍိကုန်းကျေးရွာသို့ PDF များက အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်းသို့ လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ ဒေါ်ဇင်မာစိုး(၄၀)နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး တစ်ရွာတည်းနေသူများဖြစ်သည့် ဦးမောင်လေး(၃၅)နှစ်နှင့် ၎င်း၏သမီးဖြစ်သူ မိယွန်း(၇)နှစ်တို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်၊ ကျေးရွာ များအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ ရှော့တိုက်ဒုံးများ၊ Drone ဖြင့် Drop Bomb များ ပစ်ချ တိုက်ခိုက်ခြင်းများကို ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်နေမှုများအား ဒေသခံပြည်သူများက လုံးဝ လက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်း ရရှိသည်။
