သက်တံ့
၄. ၈. ၂၀၂၆
ပြည်တွင်း သဘာဝဓာတ်ငွေ့ လိုအပ်ချက် ပိုမိုမြင့်မားလာချိန်တွင် နှစ်နိုင်ငံ စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်အသက်သွင်းရန်အတွက် အိမ်နီးချင်း မြန်မာနိုင်ငံထံမှ ဓာတ်ငွေ့ပိုက်လိုင်းဖြင့် သဘာဝဓာတ်ငွေ့ တင်သွင်းရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံက အဆိုပြုလိုက်သည်။
အဆိုပါ အဆိုပြုချက်ကို ဘင်္ဂလားဒေ့ရှ် လျှပ်စစ်၊ စွမ်းအင်နှင့် သဘာဝသယံဇာတဝန်ကြီး အိက်ဗားလ် ဟာဆန် မာမုဒ် (Iqbal Hassan Mahmood) က ဝန်ကြီးဌာန စေကရီတာရီယတ်ရုံး၌ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုးနှင့် ဩဂုတ် ၃ ရက် (တနင်္လာနေ့) က တွေ့ဆုံစဉ် တင်ပြခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံမှ စစ်တကောင်းမြို့သို့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက်ရန် အစောပိုင်းက တင်ပြထားခဲ့သည့် အဆိုပြုချက်ကို ပြန်လည်ဖော်ထုတ်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံက စိတ်အားထက်သန်လျက်ရှိကြောင်း လျှပ်စစ်၊ စွမ်းအင်နှင့် သဘာဝသယံဇာတဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်အရ သိရသည်။
“ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ သဘာဝဓာတ်ငွေ့ လိုအပ်ချက် အလွန်ကြီးမားပြီး ဆက်လက်ဖြစ်ပေါ်နေပါတယ်” ဟု ဝန်ကြီး မာမုဒ်က သံအမတ်ကြီးကို ပြောကြားခဲ့ပြီး မြန်မာနိုင်ငံမှ ပိုက်လိုင်းဖြင့် တိုက်ရိုက်တင်သွင်းခြင်းသည် တည်ငြိမ်သော စွမ်းအင်ထောက်ပံ့မှုကို ရရှိစေမည့် လက်တွေ့ကျသော ဖြေရှင်းနည်းတစ်ရပ်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။
သံအမတ်ကြီး ဦးကျော်စိုးမိုးက ယင်းအဆိုပြုချက်ကို ကြိုဆိုခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုအတွက် လမ်းဖွင့်ထားကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ဖြစ်လာနိုင်သည့် ပိုက်လိုင်းဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေရန် နှစ်နိုင်ငံအနေဖြင့် ရေတို LNG ဖြန့်ဖြူးပေးနိုင်ခြေကိုလည်း လေ့လာစုံစမ်းနိုင်ကြောင်းလည်း အကြံပြုခဲ့သည်။
ထို့အပြင် သံအမတ်ကြီးက အခြေခံအဆောက်အအုံဆိုင်ရာ အစီအစဉ်များကို ဘင်္ဂလားဒေ့ရှ်-မြန်မာ ပူးတွဲနည်းပညာကော်မတီ (Joint Technical Committee) ၏ တရားဝင်ဆွေးနွေးပွဲများမှတစ်ဆင့် ပြန်လည်သုံးသပ်ရန် အကြံပြုခဲ့သည်။
မာမုဒ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် အမြန်ဆုံး ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်း၊ နှစ်နိုင်ငံ ဆွေးနွေးပွဲများပြုလုပ်ရန် မြန်မာနိုင်ငံ စွမ်းအင်ဝန်ကြီးကို ဒါကာမြို့သို့ တရားဝင်ဖိတ်ခေါ်သွားမည်ဖြစ်ပြီး ဆွေးနွေးပွဲများ ရှေ့ဆက်နိုင်ရန် လိုအပ်ပါက မြန်မာနိုင်ငံသို့ သွားရောက်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပြည်တွင်း ဓာတ်ငွေ့ထုတ်လုပ်မှု ဆက်လက်ကျဆင်းနေသဖြင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ စက်ရုံအလုပ်ရုံများနှင့် အခြားသုံးစွဲသူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် ပြည်ပမှ တင်သွင်းရသော LNG အပေါ် ပိုမိုမှီခိုလာရချိန်တွင် ယခုအဆိုပြုချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
မကြာသေးမီက ဝန်ကြီးချုပ် တာရစ် ရာမန် (Tarique Rahman) ၏ တရုတ်နိုင်ငံခရီးစဉ်အတွင်း ဆွေးနွေးခဲ့သည့် တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် စီးပွားရေးစင်္ကြံကို ရည်ညွှန်း၍ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့အကြား ဆက်သွယ်မည့် ပိုက်လိုင်းသည် ယင်းကဲ့သို့ ဒေသတွင်း ချိတ်ဆက်မှုများကို အထောက်အကူပြုနိုင်ကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။
နှစ်နိုင်ငံအကြား ရေရှည်ကုန်သွယ်ရေးနှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေး၊ အခြားဘုံအကျိုးတူကိစ္စရပ်များကိုလည်း နှစ်ဘက် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ နှစ်နိုင်ငံတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် ဘင်္ဂလားဒေ့ရှ် အကြီးတန်းအရာရှိများတွင် လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ ဒုတိယဝန်ကြီး အနင်ဒြာ အစ္စလာမ် အမစ် (Anindya Islam Amit)၊ စွမ်းအင်ဆိုင်ရာ အတွင်းဝန် မိုဟာမက် ဆိုင်ဖူးလ် အစ္စလာမ် (Mohammad Saiful Islam) နှင့် လျှပ်စစ်ဆိုင်ရာ အတွင်းဝန် မီရာနာ မာရုခ် (Mirana Mahrukh) တို့ ပါဝင်သည်။
Ref : ANN , Daily Star & PTJ

