နေမိုး
၂၇. ၇. ၂၀၂၆
နေအိမ်တွင်ရှိနေသော ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ရာအိမ်မှူးတစ်ဦးကို PDF များက ရက်စက်စွာ သတ်ဖြတ်ကာ ရွှေ၊ ဆိုင်ကယ်နှင့် ဖုန်းများ လုယက်သွားမှု မိတ္ထီလာမြို့နယ်၊ ဆည်အောင်ကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
NUG ဩဇာခံ မကွေး PDF များ၏ ကျူးလွန်မှုဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ် ဇူလိုင် ၂၅ ရက် နံနက် ၆ နာရီ ၁၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ဆည်အောင်ကုန်းကျေးရွာနေ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးစိုးမင်း(၅၆)နှစ်နှင့် တစ်ရွာတည်းနေ ရာအိမ်မှူး ဦးကံစီဝင်း(၅၄)နှစ်တို့သည် ၎င်းတို့၏ နေအိမ် အသီးသီး၌ ရှိနေစဉ် PDF များ (အင်အားစိစစ်ဆဲ)က ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး သေနတ်၊ ဓားများဖြင့် ပစ်ခတ်ထိုးခုတ်သတ်ဖြတ်၍ ဦးစိုးမင်း၏နေအိမ်ရှိ ဆိုင်ကယ် တစ်စီး၊ လက်ကိုင်ဖုန်း နှစ်လုံးနှင့် ဦးကံစီဝင်း၏နေအိမ်ရှိ ရွှေလက်ကောက် သုံးကွင်း၊ ရွှေဆွဲကြိုး တစ်ကုံး၊ ဆိုင်ကယ် တစ်စီးတို့အား လုယက်ယူဆောင်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာ၊ ဓားဒဏ်ရာ များရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယခုကာလအထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ အစိုးရယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ စုစုပေါင်း ၁၀၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရကာ ၁၅၀၀၀ အထက် ဒဏ်ရာရရှိခဲ့သည်။
