၁၇.၇.၂၀၂၆
Written by Linn Eain
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်ကို ဗဟိုပြု၍ အင်အား ၅ ဒသမ ၃ အဆင့်ရှိ ငလျင်နှင့် စဉ့်ကူးမြို့နယ်ကို ဗဟိုပြု၍ အင်အား ၄ အဆင့်ရှိ ငလျင်တို့ ၁၅ မိနစ်ခန့်ကွာခြား၍ ဇူလိုင် ၁၇ ရက်၊ နံနက် ၈ နာရီခန့်က လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်မှုအရ သိရသည်။
ဦးစွာ ဇူလိုင် ၁၇ ရက်၊ နံနက် ၇ နာရီ ၅၆ မိနစ် ၇ စက္ကန့်တွင် မန္တလေးမြေငလျင်စခန်းမှ မြောက်ဘက် (၅၆) မိုင်ခန့်ကွာဝေးသော သပိတ်ကျင်းမြို့၏ တောင်-အရှေ့ တောင်ဘက် (၄) မိုင်ခန့်အကွာတွင် ပမာဏ ၅ ဒသမ ၃ မဂ္ဂနီကျူ့အဆင့်ရှိ အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ငလျင်သည် သပိတ်ကျင်းမြို့၏ ၄ မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် (၂၂ ဒသမ ၈၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅ ဒသမ ၉၉) ဒီဂရီ၊ အနက် (၆) ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ နံနက် ၈ နာရီ ၁၂ မိနစ် ၁၃ စက္ကန့်တွင် မန္တလေးမြေငလျင်စခန်းမှ မြောက်- အရှေ့မြောက်ဘက် (၃၅) မိုင်ခန့်ကွာဝေးသော စဥ့်ကူးမြို့၏ အရှေ့ဘက် (၁၃) မိုင်ခန့်အကွာတွင် ပမာဏ ၄ ဒသမ ၀ အဆင့်ရှိ အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
ယင်းငလျင်သည် စဉ့်ကူးမြို့၏ ၁၃ မိုင်ခနိ့အကွာ မြောက်လတ္တီတွဒ် (၂၂ ဒသမ ၅၀) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆ ဒသမ ၂၂) ဒီဂရီ၊ အနက် (၁၄) ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

