၁၀. ၇. ၂၀၂၄
Written by Hey Mar

အိမ်သုံးဂတ်စ်(LPG)ဓာတ်ငွေ့ရည် ပြည်တွင်းက မြို့နယ်အတော်များများရဲ့ ဆိုင်တွေဆီမှာ ပစ္စည်းပြတ်လပ်နေပြီး တချို့ဆိုင်တွေ အရောင်းပိတ်ထားရသလို စျေးမြင့်တက်လာမှုလည်း ရှိတယ်လို့ အိမ်ရှင်မတချို့နဲ့ စျေးကွက်အတွင်း MT News က စုံစမ်းမေးမြန်းမှုတွေအရ သိရပါတယ်။

ဒီနောက်ပိုင်း ထိုင်းနိုင်ငံကနေ အိမ်သုံးဂတ်စ် တင်သွင်းမှုကို ပင်လယ်ရေကြောင်းကနေ အဓိကတင်သွင်းနေတာလို့ သိရပြီး အခုလို စျေးကွက်တွင်းဝယ်မရတဲ့အတွက် လျှပ်စစ်မီးကိုလည်း ရုံးချိန် ကျောင်းချိန်အမီ ချိန်ကိုက်အသုံးပြုလို့ မရတဲ့အိမ်ရှင်မတွေက ထင်းမီးသွေး လောင်စာကို ပြန်လည်အသုံးပြုနေရတယ်လို့ ယုဇနဥယျာဥ် အိမ်ရာမှာနေထိုင်တဲ့ အိမ်ရှင်မတစ်ဦးက ပြောပါတယ်။

ယင်းအိမ်ရှင်မက”အမတို့က ဗူးသေးပဲ သုံးတာပါ။ တစ်ခါဖြည့်ရင် လေးငါးဗူးဖြည့်ထားလိုက်တယ်။ ၅ ရက် ၆ ရက် တစ်ပတ်ပေါ့ အသုံးခံတယ်။ အခု ဆိုင်တွေမှာ ဖြည့်မရတာ ၅ ရက်လောက်ရှိပြီ။ မနေ့ကဆို အမ တောင်ဒဂုံဘက်ထိရောက်တယ်။ လိုက်ဖြည့်တာ မရခဲ့ဘူး။ စျေးကလည်း နောက်ဆုံးတစ်ခေါက်ဖြည့်ထားတာက ၆ လပိုင်း ကုန်လောက်က အဲဒီတုန်းက တစ်ဗူးကို ၁၇၀၀ ပေးရတယ် အခုတော့မဖြည့်ရသေးလို့ မသိသေးဘူး” လို့ MT News ကို ပြောပါတယ်။

အရောင်းဆိုင်တချို့ကို MT News က စုံစမ်းမေးမြန်းရာမှာလည်း ဓာတ်ငွေ့ရည်က ကုမ္ပဏီကကို ချမပေးနိုင်တာမို့ ပြတ်လပ်နေတာဖြစ်ကြောင်း ဆိုင်က ပြန်လည်ဖြေကြားပါတယ်။ အဆိုပါ အရောင်းဆိုင်တွေမှာ ဓာတ်ငွေ့ရည် ဖြန့်ဖြူးမှု အရောင်း ပိတ်ထားရတာ၊ တချို့ရပ်ကွက်ဆိုင်ငယ်တွေမှာပိတ်ထားရတာ ၂ ပတ်ဝန်းကျင်ရှိနေပြီး ဖြည့်လို့ရတဲ့ဆိုင်တချို့မှာလည်းစျေးနှုန်းက ဓာတ်ငွေ့ရည် တစ်ပိဿာကို ကျပ် ၁၀၂၀၀ ကျသင့်နေတယ်လို့ သိရပြီး ဇွန်လကုန်က ကျပ် ၉၀၀၀ ဝန်းကျင်သာကျသင့်ခဲ့တာဖြစ်ပါတယ်။

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦးက “ကျွန်တော့်အိမ်က ၅ ပိဿာအိုးဆိုတော့ ၄လ ၅လ လောက် လှည့်မကြည့်ရဘူး။ ဖြည့်ဖို့မလိုသေးတော့ စျေးကွက်ထဲ ဖြစ်နေတာ မသိသေးတာ။ ၂၀၂၃ တုန်းကလည်း တစ်ခါ အဲ့ဒီလို ပြတ်သွားသေးတယ်။ မြဝတီလမ်းတွေ ပျက်လို့ မတည်ငြိမ်လို့ဆိုပြီး ဝယ်မရတာ။ စျေးလည်း တစ်ပိဿာ ၂ ထောင်လောက် တက်ခဲ့တယ်။ အခုလည်း တက်မလားမသိဘူး။ ဒါပေမယ့် သူက စျေးကို တက်ရင်လည်း တက်ရောင်းပြီး ကျရင်လည်း ပြန်တော့ချပေးလို့ တော်သေးတယ်”လို့ သူကြုံရတဲ့ အတွေ့အကြုံကို ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အိမ်သုံးဂတ်စ် (LPG) ဓာတ်ငွေ့ရည်ကို ထိုင်းနိုင်ငံက ပင်လယ်ရေကြောင်းနဲ့ရော နယ်စပ်လမ်းကြောင်းတွေကပါ အဓိကတင်သွင်းနေတာဖြစ်ပြီး အခုအခါမှာ မြဝတီ – ဘားအံ ဒေါနတောင်တောလမ်းက မိုးတွင်းကာလမို့ လမ်းပိုင်းပျက်စီးမှုတွေလည်း ရှိနေကာ၊ ကော့ကရိတ်ဘက်မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားချိန်နဲ့ တိုးရင်တော့ ကုန်ကားသမားတွေအနေနဲ့ ၇ ရက် ၈ ရက်လောက်အထိ လမ်းမှာစောင့်ဆိုင်းသွားလာကြရတယ်လို့လည်း မြဝတီမြို့ ဒေသခံတစ်ဦးဆီကနေ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *