သက်တံ့
၂၇. ၆. ၂၀၂၆
ထိုင်းနိုင်ငံ၊ ပတ္တရားမြို့ရှိ ခရီးဆောင်အိတ်တစ်ခုအတွင်း အသက်မပြည့်သေးသည့် ၁၇ နှစ်အရွယ် ထိုင်းမိန်းကလေးငယ်တစ်ဦး၏ ရုပ်အလောင်းအား ဝှက်ထားသည်ကို တွေ့ရှိရမှုနှင့် ဆက်နွှယ်ပြီး ထိုင်းနိုင်ငံမှ ထွက်ပြေးရန် ကြိုးပမ်းခဲ့သည်ဟု စွပ်စွဲခံထားရသော အသက် ၄၆ နှစ်အရွယ် ဩစတြေးလျနိုင်ငံသားတစ်ဦးကို သုဝဏ္ဏဘူမိအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ယမန်နေ့ညက လေယာဥ်မထွက်မီ ဖမ်းဆီးလိုက်သည်။


ကလာဆင်ခရိုင်မှ “သန်းချနော့ခ် နောင်ကိတ် ဒွန်ဟွမ်းလောင်”ဟု အမည်ဖော်ထုတ်ထားသည့် အဆိုပါ သေဆုံးသူ မိန်းကလေးငယ်သည် သူငယ်ချင်းများနှင့် အဆက်အသွယ်ပြတ်တောက်သွားပြီးနောက် ပျောက်ဆုံးနေကြောင်း တိုင်ကြားခံထားရသူဖြစ်သည်။ ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သူမကို နောက်ဆုံးတွေ့ရှိခဲ့သည်မှာ ဇွန်လ ၂၅ ရက် နံနက်အစောပိုင်းကဖြစ်ပြီး ဂျွန်တီယန်ကမ်းခြေ (Jomtien Beach) မှ နိုင်ငံခြားသားအမျိုးသားတစ်ဦးနှင့်အတူ ထွက်ခွာသွားကာ ကွန်ဒိုမီနီယံအဆောက်အအုံတစ်ခုအတွင်းသို့ ဝင်ရောက်သွားခဲ့ခြင်း ဖြစ်သည်။
သူမ ပြန်မလာတော့ခြင်း သို့မဟုတ် ဖုန်းခေါ်ဆိုမှုများကို ပြန်လည်မဖြေကြားခြင်းတို့ကြောင့် စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။ ဇွန်လ ၂၆ ရက် နံနက်ပိုင်းတွင် သူမ၏ အသက် ၁၉ နှစ်အရွယ် သူငယ်ချင်းဖြစ်သူက ပတ္တရားမြို့မရဲစခန်းသို့ သွားရောက်ကာ လူပျောက်တိုင်ချက်ဖွင့်ခဲ့ပြီး ၎င်းတို့၏ နောက်ဆုံးစကားပြောဆိုမှုသည် လွန်ခဲ့သည့်နေ့ နံနက် ၃ နာရီ ၄၄ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့သည်။


စုံစမ်းစစ်ဆေးရေးမှူးများက ကွန်ဒိုမီနီယံရှိ CCTV မှတ်တမ်းများကို ပြန်လည်စစ်ဆေးခဲ့ရာ နောင်ကိတ်သည် ထိုနိုင်ငံခြားသားအမျိုးသားနှင့် လက်ချင်းချိတ်ကာ အဆောက်အအုံအတွင်းသို့ ဝင်ရောက်သွားသည်ကို တွေ့ရှိခဲ့ရသည်။ သို့သော်လည်း သူမ အဆောက်အအုံမှ ပြန်လည်ထွက်ခွာသွားသည့် မှတ်တမ်းကိုမူ ရဲတပ်ဖွဲ့က မတွေ့ရှိခဲ့ရပေ။
ယင်းအစား အဆိုပါအမျိုးသားသည် ဘီးပါသော အနက်ရောင် ခရီးဆောင်အိတ်အကြီးကြီးတစ်ခုကို မနိုင်မနင်းဆွဲကာ အဆောက်အအုံမှ တစ်ဦးတည်း ထွက်ခွာလာသည့် မြင်ကွင်းကိုသာ ကင်မရာများတွင် တွေ့ရှိခဲ့သည်။
ရဲတပ်ဖွဲ့၏ စွပ်စွဲချက်အရ သံသယရှိသူသည် ထိုခရီးဆောင်အိတ်ကို ပရာချွတ်ခီရီခန်လိုင်စင်နံပါတ်ပြားတပ်ဆင်ထားသည့် အနီနှင့်အနက်ရောင် ဆိုင်ကယ်နောက်တွင် တင်ဆောင်ကာ နောင်ပရူး၊ ဘန်လမွန်ခရိုင်ရှိ ချိုင်ယာဖရွတ်လမ်း (Chaiyaphruek Road) အနီး ရထားလမ်းဘေးရှိ တောအုပ်တစ်ခုဆီသို့ မောင်းနှင်သွားခဲ့သည်။ ခရီးဆောင်အိတ်ကို စွန့်ပစ်ခဲ့ပြီးနောက် ၎င်းသည် ကွန်ဒိုမီနီယံသို့ ပြန်လာကာ ဆိုင်ကယ်ကို ရပ်နားပြီး ၎င်း၏အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းကာ ထိုနေရာမှ အလျင်အမြန် ထွက်ခွာသွားခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးမှူးများက ပြောသည်။


ဇွန်လ ၂၇ ရက် နံနက် ၁၂ နာရီ ၁၀ မိနစ်ခန့်တွင် စုံစမ်းစစ်ဆေးရေးမှူးများသည် ရထားလမ်းအနီး ချုံနွယ်ပိတ်ပေါင်းများကြားတွင် စွန့်ပစ်ထားသော အဆိုပါ ခရီးဆောင်အိတ်ကို ရှာဖွေတွေ့ရှိခဲ့သည်။
ထို၂၉ လက်မအရွယ် အနက်ရောင် ခရီးဆောင်အိတ်အတွင်း၌ ပျောက်ဆုံးနေသော ဆယ်ကျော်သက်မိန်းကလေးငယ်၏ ရုပ်အလောင်းကို အဝတ်အစားမပါဘဲ ကွေးကွေးလေးဖြစ်နေသည့် အနေအထားဖြင့် စစ်ဆေးတွေ့ရှိခဲ့ရသည်။ သေဆုံးသူ၏ ကျောပြင်၊ လက်မောင်း၊ ရင်ဘတ်နှင့် ဘယ်ဘက်ခြေထောက်တို့တွင် တက်တူးများရှိပြီး ရွှေလက်ကောက်နှင့် ရွှေဆွဲကြိုးကို ဝတ်ဆင်ထားဆဲဖြစ်ကာ နဖူးတွင် ဒဏ်ရာရရှိထားကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ သူမ၏ မျက်နှာမှာ အသားအရောင် ပျက်ယွင်းနေပြီး ခန္ဓာကိုယ်အောက်ပိုင်းကမူ အညိုရောင်ပုဝါတစ်ထည်ဖြင့် ပတ်ထားသည်။
ရဲတပ်ဖွဲ့သည် ခရီးဆောင်အိတ်အတွင်းမှ တီရှပ်အနီတစ်ထည်၊ ဂျင်းဘောင်းဘီ၊ အတွင်းခံ၊ အစိမ်းရောင်မျက်နှာသုတ်ပုဝါ၊ လက်ကိုင်ဖုန်းကဗာ၊ အညိုရောင်ပိုက်ဆံအိတ်နှင့် အမျိုးသမီးစီး အဖြူရောင်ဖိနပ်တစ်စုံ အပါအဝင် ကိုယ်ရေးကိုယ်တာပစ္စည်း အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့သည်။ ၎င်းတို့သည် ဆယ်ကျော်သက်မိန်းကလေး မပျောက်ဆုံးမီ တဒင်္ဂအလိုက ဝတ်ဆင်ထားခဲ့သည့် အဝတ်အစားများဖြစ်ကြောင်း ရဲတပ်ဖွဲ့က ယူဆထားသည်။
မှုခင်းဆရာဝန်များ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းများနှင့် ကယ်ဆယ်ရေးလုပ်သားများ အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာခဲ့ပြီး သက်သေအထောက်အထားများ စုဆောင်းနေစဉ်အတွင်း ထိုနေရာကို ချက်ချင်း ပိတ်ဆို့ထားခဲ့သည်။ အာဏာပိုင်များသည် သေဆုံးရသည့် အကြောင်းရင်းမှန်ကို သိရှိနိုင်ရန် မှုခင်းဆေးပညာဆိုင်ရာ စစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။


နောက်ပိုင်းတွင် ရဲတပ်ဖွဲ့သည် သံသယရှိသူနှင့် ဆက်နွှယ်နေသည့် ကွန်ဒိုမီနီယံအခန်းကို ရှာဖွေခဲ့သည်။ စုံစမ်းစစ်ဆေးရေးမှူးများက ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည့် ထင်ရှားသောလက္ခဏာရပ်များ မတွေ့ရှိရကြောင်း အစီရင်ခံထားသော်လည်း အခင်းဖြစ်ပွားရာနေရာကို မှတ်တမ်းတင်ခြင်း၊ ခရီးဆောင်အိတ်သယ်ယူရာတွင် အသုံးပြုခဲ့သည်ဟု စွပ်စွဲထားသော ဆိုင်ကယ်ကို သိမ်းဆည်းခြင်းနှင့် မှုခင်းဆေးပညာပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာရန်အတွက် DNA နှင့် လက်ဗွေရာ သက်သေအထောက်အထားများကို စုဆောင်းခြင်းတို့ ပြုလုပ်ခဲ့ကြသည်။
သံသယရှိသူမှာ အသက် ၄၆ နှစ်အရွယ် ဩစတြေးလျနိုင်ငံသား ဆိုင်မွန် ပီတာ ကာမန် (Simon Peter Carman) ဖြစ်ကြောင်း နောက်ပိုင်းတွင် အတည်ပြုနိုင်ခဲ့သည်။ ထိုင်းနိုင်ငံတစ်ဝန်းရှိ လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များကို အကြောင်းကြားထားခဲ့ပြီး ဇွန်လ ၂၆ ရက် ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် သုဝဏ္ဏဘူမိလေဆိပ်ရှိ အရာရှိများက ၎င်းသည် ဩစတြေးလျနိုင်ငံ၊ ပတ်သ်မြို့ (Perth) သို့ ပျံသန်းမည့် လေယာဉ်ပေါ်သို့ တက်ရောက်ရန် ပြင်ဆင်နေစဉ် ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။
ပတ္တရားစုံစမ်းစစ်ဆေးရေးမှူးများက ဖမ်းဝရမ်းထုတ်ရန် ကြိုးပမ်းနေစဉ်အတွင်း လူဝင်မှုကြီးကြပ်ရေးဗျူရို၏ စနစ်ထဲသို့ အရေးပေါ်သတိပေးချက်တစ်ခု ထည့်သွင်းထားခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။ အစီရင်ခံချက်များအရ အရာရှိများသည် သံသယရှိသူကို ၎င်း၏လေယာဉ် မထွက်ခွာမီ မိနစ်ပိုင်းအလိုတွင်မှ ကြားဖြတ်ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ပူးပေါင်းဆောင်ရွက်မှုသည် ၅ မိနစ်ခန့် နောက်ကျသွားခဲ့ပါက ၎င်းသည် ထိုင်းနိုင်ငံမှ အောင်မြင်စွာ ထွက်ခွာသွားနိုင်ဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အဆိုပါ ဩစတြေးလျနိုင်ငံသားကမူ စွပ်စွဲချက်အားလုံးကို ငြင်းဆိုထားပြီး ၎င်းတွင် အပြစ်မရှိကြောင်း အခိုင်အမာ ပြောကြားထားသည်။ သို့သော်လည်း ရဲတပ်ဖွဲ့ကမူ ၎င်းအား ယခုအမှုနှင့် ဆက်စပ်နေသည့် ခိုင်မာသော CCTV မှတ်တမ်းများနှင့် အခြားသက်သေအထောက်အထားများကို စုဆောင်းရရှိထားကြောင်း ပြောဆိုထားသည်။
လက်ရှိတွင် ၎င်းအား ပတ္တရားမြို့မရဲစခန်းက ထိန်းသိမ်းထားပြီး ဆက်လက်စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက်ရှိကာ စုံစမ်းစစ်ဆေးရေးမှူးများက သက်သေအထောက်အထားများ ဆက်လက်စုဆောင်းခြင်းနှင့် ဥပဒေကြောင်းအရ အရေးယူရန် ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်နေကြသည်။ မုဒိမ်းမှုအပါအဝင် သတ်ဖြတ်မှုဖြစ်ပွားရခြင်း အရင်းခံအခြေအနေများဆိုင်ရာ စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သည်။
Ref: ASEAN NOW & Pattaya News
