၁၀.၆.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန် အပါချီ (Apache) ရဟတ်ယာဉ်တစ်စင်းကို ဟောမုဇ်ရေလက်ကြားပေါ်မှာ အီရန်က ပစ်ချခဲ့တယ်လို့ အမေရိကန်ပြည်ထောင်စုသမ္မတဒေါ်နယ်ဒ် ထရမ့်ပ်က စွပ်စွဲခဲ့ပြီးနောက်မှာတော့ အမေရိကန်တပ်ဖွဲ့တွေက အီရန်ကို ဇွန်လ ၉ ရက်မှာ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ရဟတ်ယာဉ်ပျက်ကျမှုကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်တပ်ဖွဲ့တွေဟာ ဇွန်လ ၉ ရက် အရှေ့ဘက်ကမ်းရိုးတန်းစံတော်ချိန် EST ၁၇း၀၀ နာရီ (GMT ၂၂း၀၀ နာရီ) မှာစတင်တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်စစ်တပ် အလယ်ပိုင်းစစ်တိုင်းဌာနချုပ် (Centcom) က ပြောကြားခဲ့ပါတယ်။
ရဟတ်ယာဉ်ကို တိုက်ခိုက်မှုအပြီး နာရီပိုင်းအကြာမှာပဲ တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်က အီရန်ကို တိုက်ခိုက်မှုပြုလုပ်ခဲ့မှုကို တရားမျှတမှုမရှိတဲ့ အီရန်ရဲ့ ရန်လိုမှုအပေါ် အချိုးကျတုံ့ပြန်မှုတစ်ခုလို့ ခေါ်ဆိုခဲ့ပါတယ်။
ပျက်ကျခဲ့တဲ့ US Apache ရဟတ်ယာဉ်ရဲ့ အမှုထမ်းနှစ်ဦးကို ပင်လယ်ပြင်မောင်းသူမဲ့ရေယာဉ်နဲ့ ကယ်ဆယ်နိုင်ခဲ့တယ်လို့ Centcom က ပြောခဲ့ပါတယ်။ ရဟတ်ယာဉ်မှူးနှစ်ဦးစလုံး ဘေးကင်းပြီး ဒဏ်ရာမရရှိဘူးလို့ ဆိုပါတယ်။
အမေရိကန်ရဲ့ အီရန်အပေါ် ခုလိုတန်ပြန်တိုက်ခိုက်မှုတွေကို အပြီးသတ်လုပ်ဆောင်ပြီးပြီလို့ အမေရိကန် စစ်တပ်က ပြောကြားခဲ့ပါတယ်။ အမေရိကန်အရာရှိတစ်ဦးက CNN သတင်းဌာနကို ပြောကြားရာမှာ ထရမ့်ပ်အစိုးရဟာ ထိုတိုက်ခိုက်မှုတွေက ညှိနှိုင်းဆွေးနွေးပွဲတွေကို အနှောင့်အယှက်မဖြစ်စေဘူးလို့ ယုံကြည်တယ်ဆိုတာ ပြောကြားခဲ့ပါတယ်။
ဟောမုဇ်ရေလက်ကြားတစ်ဝိုက်ရှိ မဟာဗျူဟာကျတဲ့ နေရာသုံးခုမှာ ပေါက်ကွဲသံတွေ ကြားခဲ့ရတယ်လို့ အီရန်နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သလို တိုက်ခိုက်မှုတွေဟာ ရေလှောင်တာတမံနှစ်ခုကို ထိမှန်ခဲ့ပြီး ဒေသအတွင်း ရေပေးဝေမှုကို ပြတ်တောက်သွားတယ်လို့ ဖော်ပြခဲ့ပါတယ်။
Ref- CNN
