




၂၅.၅. ၂၀၂၆
Written by KL
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ပေါ်တော်မူဘုရားအနီး ဒုဋ္ဌဝတီမြစ်၌ ရေဆင်းချိုးရာမှ ရေနစ်ပျောက်ဆုံးနေသော လူငယ်နှစ်ဦးအနက် တစ်ဦးကို မေလ ၂၄ ရက် နံနက် ၁၀ နာရီခန့်က ရုပ်အလောင်းပြန်လည်တွေ့ရှိခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့်မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့- မန္တလေးတိုင်းဒေသကြီး ကော်မတီထံမှ သိရသည်။
မေလ ၂၃ ရက် မွန်းလွဲပိုင်းက အသက် ၂၂ နှစ်အရွယ် လူငယ်တစ်ဦးနှင့် အသက် ၂၄ နှစ်အရွယ် လူငယ်တစ်ဦးတို့ ဒုဋ္ဌဝတီမြစ်ထဲ ရေဆင်းချိုးရာမှ ရေနစ်ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။
ရေနစ်ပျောက်ဆုံးနေသည့် လူငယ်နှစ်ဦးကို ရေငုပ်ရှာဖွေပေးရန် အကူအညီတောင်းသဖြင့်မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ – မန္တလေးတိုင်းဒေသကြီး ကော်မတီ မှ ရေငုပ် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များဖြင့် ရှာဖွေခဲ့ရာ ၃၆ မိနစ်အကြာတွင် ရေအောက်၌ အသက် ၂၂ နှစ်အရွယ် အမျိုးသား၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျန်ရှိနေသော လူငယ်တစ်ဦးကိုလည်း ဆက်လက်ရှာဖွေလျက်ရှိရာ မေလ ၂၄ ရက် ညနေပိုင်းအထိ မတွေ့သေးကြောင်း သိရသည်။
သေဆုံးသူ၏ရုပ်အလောင်းကို စဉ့်ကိုင်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့အပ်ထားကြောင်း သိရသည်။
